ကစားခြင်းဆိုတာ ပျော်ရွှင်စွာ သင်ယူခြင်း
ယနေ့ခေတ် ကလေးပညာရေး ပညာရှင်များက ကလေးတို့ရဲ့ နေ့စဉ်ဘ၀မှာ ဆော့ကစားခြင်းဟာ အရေးပါကြောင်း အလေးထားပြောဆိုလာတာကိုတွေ့ရပါတယ်..။ ကောင်းခြင်း၊ ဆိုးခြင်း၊ မိုက်မဲခြင်း စတဲ့ သင်ခန်းစာတွေ အားလုံးကို ကစားခြင်းကနေ နားလည် သင်ယူနိုင်ပါတယ်။
မူကြိုအရွယ်ကလေးတွေ အတွက် လိုအပ်တဲ့ စွမ်းရည်တွေ ရရှိလာအောင် ဆော့ကစားခြင်းကနေ ဘယ်လို ပြင်ဆင်ပေးရမလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်...။
မူကြိုအရွယ်
မူကြိုအရွယ် ရောက်လာတဲ့ အခါမှာတော့ ကလေးငယ်များဟာ TV ကြည့်ခြင်း၊ အရုပ်ပါတဲ့ စာအုပ်များကို ဖတ်ရှုခြင်း ကနေ စူးစမ်းလေ့လာမှုများ ပြုလုပ်လာပါလိမ့်မယ်။ ဒီလို စာအုပ်တွေဖတ်၊ TV အစီအစဉ်တွေကိုကြည့်ခြင်း စတဲ့ သွယ်ဝိုက်တဲ့ အတွေ့အကြုံကနေ စိတ်ကူးယဉ် ကစားမှုတွေ စတင်လာပါလိမ့်မယ်။ စိတ်ကူးယဉ် ကစားမှုတွေကတစ်ဆင့် အစစ်အမှန်လောက ကို နည်းလမ်း အမျိုးမျိုးနဲ့ ဆက်စပ်ကြည့်တတ်လာပါလိမ့်မယ်။
ကလေးဟာ ကတ်ထူပုံးခွံတွေ၊ သစ်သားတုံးကလေးတွေနဲ့ ရိုးရှင်းလွယ်ကူတဲ့ အိမ်၊ တံတား၊ ကား စတဲ့ ပုံစံတွေ တည်ဆောက်ခြင်း၊ ကတ်ကြေးနဲ့ ညှပ်ထားတဲ့ စက္ကူကလေးတွေနဲ့ အလှဆင်ခြင်း စသဖြင့် ကစားလာပါလိမ့်မယ်...။
အဲ့ဒီနောက်တော့ ကလေးဟာ အက္ခရာတွေ၊ ဂဏန်းသင်္ကေတတွေကို နားလည်တဲ့ ကျွမ်းကျင်မှုတွေ ရလာပါလိမ့်မယ်။ ဒါကြောင့် သင်္ကေတတွေကို ကျွမ်းကျင်နားလည်ဖို့ လိုအပ်တဲ့ အရေးကြီးမှုဟာ မူကြိုအရွယ်မှာပဲ ဖြစ်ပါတယ်။ သင်္ကေတကျွမ်းကျင်မှုကို အမျိုးမျိုးသော ဆော့ကစားနည်းတွေမှာ ပါဝင်စေခြင်းဖြင့် ရရှိအသုံးချစေနိုင်ပါတယ်။
မူကြိုအရွယ်ရောက်ရင် ကလေးတွေဟာ သက်တူရွယ်တူ အုပ်စုတွေရဲ့ လွှမ်းမိုးမှုကို စတင်ခံစားရပါတယ်။ တခြားလူတွေနဲ့ အပြန်အလှန် ဆက်ဆံတုံ့လှယ်ဖို့ သင်ယူရသလို လူမှုဆက်ဆံရေးစွမ်းရည် ရရှိလာဖို့လည်း လိုအပ်ပါတယ်။ ကစားနည်းတွေထဲမှာ မကြာခဏ ပါဝင်ခြင်း ဒီအကျိုးကျေးဇူးများစွာ ရရှိခံစားနိုင်ပါတယ်။ ကစားစရာများကို မျှဝေကိုင်တွယ် ဆော့ကစားတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆက်ဆံရေးစွမ်းရည်များ မြင့်တက်လာပါလိမ့်မယ်။