တိမ်တွေ ဘယ်လိုဖြစ်လာသလဲ၊ မိုး ဘယ်လို ရွာလဲ။
ကလေးတို့မေးတဲ့ ဒီမေးခွန်းရဲ့ အဖြေကိုတော့ မိုးလေဝသပညာရှင်လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ Gavin Pretor-Pinney ကဖြေကြားထားပါတယ်။
ကလေးတို့ရေ…….
တိမ်ဆိုတာဟာ တကယ်တော့ ရေမှုန်စလေးတွေ ကုဋေကုဋာနဲ့ ဖွဲ့စည်းထားတဲ့ အရာကွဲ့။ တစ်ခါတစ်လေမှာတော့ တိမ်လေးတွေဟာ ရေစက်လေးတွေ ဖြစ်နေပြီး၊ တစ်ခါတလေမှာတော့ တိမ်တွေဟာ ရေခဲစလေးတွေနဲ့ ဖွဲ့စည်းထားတတ်ကြတယ်။ ဟိုးမိုးပေါ်မှာဆိုတော့ ဝေးလွန်းတာမို့ တို့တစ်တွေမျက်စိနဲ့ မမြင်နိုင်ဘူးပေါ့ကွာ။
ဒါပေမဲ့ ရေဆိုတာဟာလည်း မြင်ဖို့ခက်တဲ့ အရာပဲကိုး။ ရေမှာက အရောင်လည်းမရှိ၊ ပုံသဏ္ဍာန်ရယ်လို့လည်း မရှိဘူးလေ။ဟော…..ရေကနေ ရေခိုးရေငွေ့ ဖြစ်သွားပီဆိုရင်တော့ ပိုပြီးတော့တောင်မှ မြင်ဖို့ခဲယဉ်းသွားပြီ။ ရေကနေ အခဲ(ရေခဲ) ဖြစ်တော့မှပဲ ရေကို အစိုင်အခဲအနေနဲ့ တွေ့ရတော့မှာကိုး။ ရေခိုးရေငွေ့ဆိုတာကလည်း တကယ်တော့ အဲဒီ့ထဲမှာ ရေမှုန်စလေးသေးသေးလေးတွေ အများကြီးပါနေတာပဲ။ အဲဒီ့ရေမှုန်စ သေးသေးပိစိလေးတွေကို ရေမော်လီကျူးလေးတွေလို့ ခေါ်တယ်။ ကလေးတို့မှတ်ထား ကြနော်။
ရေကနေ ရေငွေ့ အဖြစ်ပြောင်းသွားတဲ့အခါမှာ အဲဒီရေမော်လီကျူးလေးတွေက လေထဲကိုအငွေ့အဖြစ်နဲ့ အမြန်ပဲတက်သွားကြတယ်။ မော်လီကျူးလေးတွေကလည်းသေး၊ အမြန်အမြန်လည်း အပေါ်ကို တက်သွားပြီးတော့ အဝေးကြီးကိုရောက်သွားကြတဲ့အခါမှာတော့ တို့တစ်တွေ မမြင်ကြရတော့ဘူး။ အခိုးငွေ့တွေလေထဲပျောက်ကုန်ပြီလို့ ထင်ကြတယ်။
ကဲ…….. တိမ်တွေ ဘယ်လိုဖြစ်လာသလဲဆိုတာဆက်ပြောကြမယ်။ အဲဒီ့အငွေ့တွေဟာ ပင်လယ်တွေ၊ချောင်းတွေ၊အိုင်တွေက နေပူလို့ အငွေ့ပျံရာကနေ အခိုးအငွေ့အဖြစ် အပေါ်ကို တက်သွားကြတယ်။သူတို့ဟာ သိပ်ကိုမှ သေးလွန်းလို့ မမြင်ရဘူး။ ဒီရေမော်လီကျူးလေးတွေဟာ လေထဲက တခြားမော်လီကျူးလေးတွေနဲ့တွန်းမိတိုက်မိကြတယ်။
လေပူကြီးတွေဟာ ရေမော်လီကျူးလေးတွေကို မြန်သထက်မြန်အောင်လို့ အပေါ်ကို တွန်းတင်ပေးလိုက်ကြတယ်လေ။တို့လေထုရဲ့ အောက်ခြေမှာရှိတဲ့လေတွေဟာ ဝဲကတော့လိုမျိုး ပတ်ချာလည်လည်နေတာကိုး။ အဲလို လည်နေမှုကလည်း ရေမော်လီကျူးလေးတွေကို အပေါ်ကို မြင့်တတ်သွားစေတယ်။ ဟောအပေါ်ကိုလည်း ရောက်လာရော အောက်မှာလို မပူတော့ဘဲ အေးလာပြီမို့ ရေမော်လီကျူးလေးတွေဟာ တိမ်တွေ ဖြစ်လာတော့တာပေါ့။
လေထုက အေးလာတာမို့ ရေမော်လီကျူးလေးတွေဟာ မြန်မြန်မသွားနိုင်ကြတော့ဘူး။ အေးသထက် အေးလာတဲ့အခါမှာတော့သူတို့တွေဟာ ရေမော်လီကျူးလေးတွေ တစ်ခုနဲ့တစ်ခု စုစည်းပူးပေါင်းမိကြပြီးတော့ ရေစက်လေးတွေ ဖြစ်လာကြတယ်။
တကယ်လို့ လေကအထက်ကို ဆက်တတ်ဖို့ပင့်တင်လိုက်လို့ ဒီ့ထက် အေးလာပြီဆိုရင်ဖြင့် အဲဒီ့ ရေစက်လေးတွေဟာ ရေမော်လီကျူးတွေ ပိုပိုပေါင်းမိတာကြောင့် ပိုပြီးတော့ ကြီးကြီးလာပြီး နှင်းတွေ၊ မိုးတွေအဖြစ်နဲ့ တို့ကမ္ဘာမြေပေါ်ကို ရွာချကြတော့တာပေါ့ကွယ်။
ကဲ… ကလေးတို့ ဒါဆိုရင်ဖြင့် တိမ်တွေ ဘယ်လိုဖြစ်တယ် ။ မိုးဘယ်လိုရွာတယ်ဆိုတာကို သိကြပြီနော်။