မိဘတွေဟာသားသမီးတွေတော်ဖို့၊ ကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ စည်းကမ်းစနစ်ဇယားတွေကို ချမှတ်ပေးတတ်ကြပါသည်။ အဲဒီလိုစည်းကမ်းတွေချမှတ်ပေးလိုက်တဲ့ မိဘတွေက အဲ့ဒီစည်းကမ်းတွေအပေါ်မှာ ဘယ်လောက်အရေးထားလဲ၊ ဘယ်လောက်တန်ဖိုးထားသလဲဆိုတဲ့အပေါ် မူတည်ပြီး ဒီစည်းကမ်းကို ကလေးတွေလိုက်နာ၏ မလိုက်နာ၏ဆိုတာကွဲပြားသွားကြပါတယ်။
၁။ ပထမချက်အနေဖြင့် ကိုယ်ကကလေးတွေအတွက် စည်းကမ်းတွေသက်မှတ်ပေးလိုက်မယ်။ ခဏကြာတော့ကိုယ်ကိုယ်တိုင်ကပဲ အဲဒီစည်းကမ်းတွေကို လျစ်လျူရှုလိုက်ပြန်တယ်ဆိုရင် ကလေးတွေရဲ့စိတ်ထဲမှာဘာတွေရှိနေမယ်ထင်ပါသလဲ။ ဥပမာဆိုကြပါစို့ကိုယ်ကလေးတွေကို ကျောင်းဖွင့်ရက်တွေမှာ TVလုံးဝမကြည့်ရဘူးလို့ စည်းကမ်းထုတ်ထားတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ကျောင်းဖွင့်ရက်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် TV ကြည့်ခွင့်ပေးလိုက်မယ်ဆိုရင် ကလေးတွေရဲ့စိတ်ထဲမှာ ကိုယ့်စည်းကမ်းနဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်သွားလိမ့်မယ်။ ဒီလိုနဲ့ ကြာလာရင် ဇဝေဇဝါဖြစ်ရုံမကပဲ ကိုယ်ထုတ်လုပ်လိုက်တဲ့စည်းကမ်းတွေကို အရေးမလုပ်၊ တန်ဖိုးမထားတဲ့ပုံစံတွေဖြစ်လာလိမ့်မယ်။ ဒီလိုဆိုရင် ကလေးတွေကို အပြစ်မတင်ပါနဲ့။ ဒီလိုဖြစ်အောင်လုပ်လိုက်တာက ကလေးတွေမဟုတ်ပဲ ကိုယ် ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။
၂။ ဒုတိယတစ်ချက်က မိဘနှစ်ဦးနဲ့ကလေးတွေရဲ့ ကြားထဲမှာလည်း စည်းကမ်းဟာ တစ်သမတ်တည်းဖြစ်နေဖို့လိုပါတယ်။ ဖခင်ဖြစ်သူကထုတ်ထားတဲ့စည်းကမ်းကိုမိခင်ကလည်းလေးစားတန်ဖိုးထားဖို့လိုပါတယ်။အဖေကစည်းကမ်းထုတ်ထားပါရဲ့၊ ဒါပေမဲ့အမေဖြစ်သူက အဖေထုတ်ထားတဲ့စည်းကမ်းကို လျစ်လျူရှုပြီး သားသမီးကိုချစ်တဲ့ဇောနဲ့ လိုက်လျောခဲ့မယ်ဆိုရင် အဖေထုတ်ထားတဲ့စည်းကမ်းဟာ တန်ဖိုးရှိနိုင်ပါဦးမလား။ အဖေအပေါ်မှာရော သားသမီးတွေရဲ့လေးစားတန်ဖိုးထားစိတ်က ဘယ်လိုဖြစ်သွားမလဲ။ မိခင်နဲ့ဖခင်ကြားကွာဟချက်ရှိနေတဲ့ ဇနီးမောင်နှံများစဉ်းစားကြဖို့ပါ။ ကြာလာရင်ကလေးတွေဟာ အဖေနဲ့အမေကြားမှာ စည်းကမ်းတွေကို အမျိုးမျိုးကစားသွားပြီး သူတို့လုပ်ချင်တဲ့ပုံစံ လုပ်သွားကြပါလိမ့်မယ်။ ပြီးရင် သူတို့ရဲ့အပြစ်ကို အဖေ၊ သို့မဟုတ် အမေအပေါ်ကို ပုံချသွားပါလိမ့်မယ်။ အမေကပြောရင် ‘ဒါအဖေသိတယ်’၊ အဖေကဆူရင် ‘ဒါအမေ့ကိုပြောပြီးလုပ်တာ’ဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။
၃။ တတိယအချက်ကတော့ သားသမီးတွေအားလုံးအပေါ်မှာလည်း တစ်သမတ်တည်းဖြစ်နေလို့ပါ။ ဥပမာ သားသမီး ၃ယောက်နဲ့ မိဘတွေဟာတနင်္ဂနွေနေ့တိုင်းကလေးတွေရဲ့ အဘိုးအဘွားတွေရဲ့အိမ်ကိုသွားကြမယ်လို့စည်းကမ်းထုတ်ထားတယ်ဆိုပါစို့။ အဲဒီလိုဆိုရင် တနင်္ဂနွေနေ့ရောက်တိုင်းသားသမီးသုံးယောက်ဟာ တခြားသူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေဘယ်လောက်ပဲရှိရှိအဖေအမေ ညီအစ်ကိုမောင်နှမတွေနဲ့အတူ အဘိုးအဘွားတွေရဲ့ အိမ်ကိုလိုက်ကိုလိုက်ခိုင်းရမယ်။ ဒီထဲမှာ ကလေးတစ်ယောက်ကဒီနေ့တော့ သူငယ်ချင်းတွေနဲ့ချိန်းထားလို့ မလိုက်နိုင်တာမျိုးမဖြစ်စေရပါဘူး။ ကိုယ်ကတစ်ယောက်ကိုတစ်ခါခွင့်ပြုလိုက်ရင် နောက်တစ်ခါကျရင် နောက်တစ်ယောက်ကဆင်ခြေတက်လာပါလိမ့်မယ်။ ဒီလိုနဲ့နောက်ဆုံးတော့ တစ်သမတ်တည်းမှတ်ထာတဲ့ စည်းကမ်းဟာပျက်ပြားသွားပါလိမ့်မယ်။ ကလေးတစ်ယောက်အမှန်တကယ်နေမကောင်းဖြစ်နေတာမျိုး၊ သူ့ရဲ့အရေးကြီူတဲ့ကျောင်းကိစ္စမျိုးတွေကြောင့် မဖြစ်မနေပျက်ကွက်ရမယ်ဆိုလျှင် မိဘတွေကပျက်ကွက်မယ့်ကလေးအပါအဝင် ကျန်ကလေးများကို အခြေအနေအမှန်ကို နားလည်အောင်အသေအချာရှင်းပြရပါလိမ့်မည်။ ဒီလိုအခြေအနေဟာလည်း စည်းကမ်းချိုးဖောက်တာမဟုတ်ကြောင်း၊ အမှန်တကယ်အကြောင်းအရင်းတိုက်ဆိုင်လာတဲ့အတွက် ကျန်လူများကနားလည်ပေးရမည့် အကြောင်းတွေကို ကျန်ကလေးတွေနားလည်ကျေနပ်အောင်ပြောဆိုရပါလိမ့်မည်။
ဒီလိုစည်းကမ်းတွေကိုတစ်သမတ်တည်းဖြစ်လာအောင်လေ့ကျင့်ပေးမှုဟာ ကလေးတွေမှာအမြစ်တွယ်သွားပြီဆိုရင် ကလေးတွေကြီးပြင်းလာတဲ့နောက်တစ်ချိန်မှာ သူတို့တွေဟာ စည်းကမ်းတွေရဲ့တန်ဖိုးကိုနားလည်ပြီး သူတို့၏ပတ်ဝန်းကျင်၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်တွေ ကြားမှာပါ တစ်သမတ်တည်းသော စည်းကမ်းဇယားများနဲ့ ဆက်ဆံဆောင်ရွက်သွားပါလိမ့်မည်။ ဒီလိုဆိုရင် သူတို့ဟာ အာရုံမများ၊ စိတ်မထွေပြားတော့ဘဲ သူတို့ရဲ့အောင်မြင်မှုလမ်းကြောင်းကို ဖြောင့်တန်းစွာရှေ့ဆက်လျှောက်သွားနိုင်ကြပါလိမ့်မယ်။