1.ကလေးကို မရိုက်ပါနဲ့
အမြင်မတော်တာတွေ့တိုင်း ကလေးကို ဖိုးကနဲဖက်ခနဲနဲ့ရိုက်တတ်တဲ့ အကျင့်ဟာ ကလေးကို အော်ဟစ်ပြောဆိုသလိုပဲ လုပ်ကို မလုပ်ရမယ် အရာပဲဖြစ်ပါတယ်။ရိုက်တတ်နှက်တတ်တဲ့ မိဘတွေရဲ့ အုပ်ချုပ်မူအောက်မှာ နေရတဲ့ ကလေး များဟာ သူတို့ကိုယ်တိုင်ရိုက်ချင်နှက်ချင်တတ် တဲ့စိတ်တွေ ဝင်လာတတ်ပါတယ်။ကလေးအချင်းချင်းကစားတဲ့အခါမှာလည်းတွန်းထိုးကန်ကြောက်တာမျိုးတွေလုပ်ချင်လာတတ်ကြတယ်။ ကလေးဆိုတာမျိုးကလည်း တစ်ခါ တလေမှာ စိတ်မရှည်ချင်စရာ ကောင်းလောက်အောင်ပဲ ရိုက်ချင်စရာ အမူရာမျိုးလေးတွေ လုပ်တတ်ကြပါတယ်။ ကလေးကို မရိုက်မိအောင်လို့ ကိုယ်စိတ်ကိုထိန်းပါ။ ကိုယ့်စိတ်ကို ထိန်းလို့ မရဘူးဆိုရင်တော့ မရိုက်မိအောင်လို့ ကလေးအနားကနေ ထွက်သွားတာအကောင်းဆုံးပါပဲ။
2.ကလေးကိုချီးကျူးပါ
ကလေးလုပ်လိုက်တဲ့ ၊ ကိုင်လိုက်တဲ့ ၊ပြုမူပြောဆိုလိုက်တဲ့ အရာတွေထဲမှာ ကောင်းတာလေးတွေကို တွေ့တိုင်းတွေ့တိုင်းမှာပဲ လူကြီးမိဘများအနေနဲ့ ချီးကျူးပြောဆိုပေးရပါမယ်။ဘာလို့လဲဆိုတော့ ကလေးဆိုတာမျိုးက သူတို့ သဘာဝအရ စိတ်ထဲရှိသလို ပြောဆိုနေထိုင်ကြပေမယ့် ဘယ်ဟာကတော့ ကောင်းတဲ့အပြုအမူ၊ဘယ်ဟာကတော့ မကောင်းဘူးရယ်လို့ မခွဲခြားသိနိုင်စွမ်းမရှိကြသေးလို့ပါပဲ။ မွေးကတည်းက ကောင်းတာနဲ့ မကောင်းတာကို ခွဲခြားသိနိုင်တဲ့ စွမ်းရည် ကလေးတို့မှာ ပါမလာကြပါဘူး။ ဒါကြောင့်မို့ သူတို့ လုပ်လိုက်တဲ့ ကိုင်လိုက်တဲ့ အပြုအမူလေးတွေထဲက ကောင်းတဲ့ အပြုအမူ အလုပ်အကိုင်၊ အပြောအဆို လေးတွေကို တွေ့တိုင်းကလေးတို့ အနေနဲ့ သတိပြုမိစေဖို့ လူကြီးမိဘများအနေနဲ့ ချီးကျူးပြောဆိုပေးရပါမယ်။ဥပမာ- ကလေးက ကစားစရာ အရုပ်တွေကို ပုံးထဲ ပြန်ထည့် နေတယ်ဆိုပါစို့။ “မီးမီးက လိမ္မာလိုက်တာဟေ့။သူကစားစရာ တွေကို ကစားပြီးတော့ ပြန်သိမ်းနေတယ်” ဆိုတာမျိုးပါ။သူကောင်းတာလေးတစ်ခုကို လုပ်တိုင်းလုပ်တိုင်းမှာပဲလူကြီးများက သတိထားပြီးတော့ ချီးကျူးပေးမယ်ဆိုရင် ကလေးတို့အနေနဲ့ အရုပ်သိမ်းတာလိုမျိုးကောင်းတဲ့ အပြုအမူ လေးတွေကို လုပ်ဖို့အတွက် လုပ်ချင်စိတ်ရှိလာပါလိမ့်မယ်။ ချီးကျူးရမယ်လို့ ဆိုပေမယ့် တစ်ခု သတိပြုရမှာကတော့ အလွန်အကျွံ မြှောက်ပင့်ပြီးတော့ မပြောဆိုမိဖို့ လိုပါတယ်။
3.ကိုယ်ချင်းစာစိတ်မွေးတတ်အောင်သင်ပေးပါ။
ကိုယ်မဟုတ်တဲ့ တခြားလူတစ်ဦးရဲ့ အတွေးအမြင်နဲ့ ခံစားချက်ကိုနားလည် တတ်ဖို့ ဆိုတဲ့ စွမ်းရည် ဟာ လူအချင်းချင်း တစ်ဦးနဲ့ တစ်ဦး ဆက်ဆံ တဲ့အခါမျိုးမှာ အင်မတန်မှ လိုအပ်လှတဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။ကိုယ်ချင်းစာစိတ်ကြီးတဲ့ မိဘတွေရဲ့ ထိန်းကျောင်းပဲ့ပြင်မူအောက်မှာကြီးပြင်းလာတဲ့ ကလေးမျိုးဟာတခြားသူများကို ကိုယ်ချင်းစာတတ်ကြပါတယ်။တခြားလူရဲ့ ခံစားချက်ကို နားလည်တတ်အောင်နဲ့ ကိုယ်နဲ့မတူတဲ့ ရူထောင့်အမျိုးမျိုးကနေ ကလေးကြည့်မြင် သုံးသပ်ခံစားတတ်စေဖို့ကို သင်ပေးရပါမယ်။ကလေးနဲ့ တခြားကလေးတို့ ပြဿနာဖြစ်လာပြီဆိုပါတော့။ကလေးရဲ့ စိတ်တိုမူ၊ဝမ်းနည်းမူ၊စိတ်အနှောင့်အယှက်ဖြစ်မူ စတဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမူ ကိုထုတ်ဖော် ပြောပြခွင့် ပြုပါ။ ပြီးရင် ကလေး ကိုတစ်ဖက် ကလေးနေရာကနေ နေခိုင်းပြီး တော့ သူဆိုရင်ရာ ဘယ်လို ဖြစ်မယ် ထင်သလဲဆိုတာ မျိုးနဲ့ စဉ်းစား ခိုင်းရပါမယ်။တခြားသူရဲ့ အမြင်၊အတွေး၊ခံစားချက်ကို နားလည် စာနာတတ်တဲ့ သူများဟာ ကိုယ်နားဝန်းကျင်က ကမ္ဘာလောကနဲ့ ပိုပြီးတော့ အဆင်ပြေလွယ်ကူစွာနေထိုင်ကြပါတယ်။
4.တမင်နှောင့်ယှက်နေတာမဟုတ်ပါ
ကလေးဆိုတာမျိုးက အမေဟင်းချက်ဖို့ အရေးကြီးနေလား၊အဖေရုံးက ယူလာတဲ့ အလုပ်တွေကို လုပ်နေပါလားဆိုတာကို နားလည်နိုင်လောက်အောင် အသိမကြွယ်ရှာသေးပါဘူး။မေမေ ဟင်းချက်နေတဲ့ အချိန်၊ဖေဖေ ရုံးအလုပ်တွေ လုပ်ဖို့ အရေးကြီးနေချိန်မှာ ကလေးက ဂျီကျနေတယ် ဆိုပါတော့။သူ ရည်ရွယ်ချက်က တမင်နှောင့်ယှက်ချင်လို့ မဟုတ်တာမို့ ကလေးကိုစိတ်တို ဒေါသထွက်နေလို့ အပိုပါပဲ။ဟင်းချက်နေတဲ့ အချိန်ဘေးက ဂျီကျချင်တဲ့ ကလေးကို ကန်စွန်းရွက် အရိုးတွေပေးထားပြီးတော့ ဆော့ခိုင်းထားတာမျိုးပဲဖြစ်ဖြစ် ၊ဖေဖေဘေးနားကနေဂျီကျနေတဲ့ သားကို စာရွက်အလွတ် တစ်ရွက်နဲ့ ရောင်စုံခဲတံပေးထားပြီးတော့ ပုံဆွဲခိုင်းတာမျိုးပဲ ဖြစ်ဖြစ်လုပ်ခိုင်းလို့ရပါတယ်။
5.အရေးကြီးတဲ့ မိဘရဲ့စိတ်နေစိတ်ထား
ကလေးတစ်ယောက်ကို မွေးတော့မယ်၊ယူတော့မယ်လို့ တွေးမိပြီဆိုတာနဲ့ အချိန်ပေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ပြီးသုံးသပ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ရဲ့ လားဆိုတာပြန်ပြီးတော့ သုံးသပ်ရပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် လည်း “ငါဟာ မကောင်းဘူး၊အသုံးမကျဘူး။ညံ့ဖျင်းတယ်” စသဖြင့် မကောင်းတာတွေချည်းပဲတွေးမိ နေတယ်ဆိုရင်၊ဒါမှမဟုတ် ကိုယ့်အနားက မိဘ၊မောင်နှမ သူငယ်ချင်းတွေ အပေါ်မှာ အလွယ်တကူနဲ့ စိတ်တိုဒေါသထွက်နေခဲ့မယ် ဆိုရင်တော့ ကိုယ်ရဲ့ စိတ်နဲ့ရုပ်ကို အနားယူဖို့လိုနေပါပြီ။ သူငယ်ချင်း၊မိဘ အသိုင်းအဝိုင်းနဲ့ နားလည်တတ်ကျွမ်းသူများဆီကနေ အကူအညီယူပါ။
ဆက်ဆံရေး ညံ့ဖျင်းပြီးတော့ ပတ်ဝန်းကျင်ကို မကောင်းမြင်တတ်တဲ့ မိဘတွေရဲ့ပြုမူမှာ ကြီးပြင်းလာတဲ့ ကလေးများဟာလည်း ဆက်ဆံရေးညံ့ဖျင်းပြီးတော့ ပတ်ဝန်းကျင် ကိုမကောင်း မြင်တတ်ကြပါတယ်။ အဲ့ဒီ သံသရာ စက်ဝန်းကို ရပ်တန့်ရိုက်ချိုးပစ် ဖို့ အတွက် မိဘတို့အနေနဲ့ နည်းလမ်း အကူအညီ ရှာကြရပါမယ်။
6.ကလေးဆိုတာ မမေ့ပါနဲ့
မိဘတွေက တစ်ခါတလေမှာ ကလေးတွေကို စိတ်ဆိုးစိတ်တိုကြပါတယ်။ဘာလို့ စိတ်တိုစိတ်ဆိုးရသလဲဆိုတော့ သူတို့မျှော်လင့်ထားသလောက် ကလေးတွေကလုပ် မပေးနိုင်ကြလို့ပါပဲ။တချို့မိဘတွေက ကိုယ့်ကလေး သေးသေးလေးတွေကို အရွယ်ရောက်ပြီးသားလူကြီး လောက်နီးနီး ထင်တတ်ကြတယ်လေ။ကလေးဆိုတာ ကလေးသာပဲမို့ ကလေးဆိုတာကို မမေ့ဖို့လိုပါတယ်။ကလေးက ကလေးပဲမို့ ယဉ်ကျေးရမှန်း နားလည်ချင်မှ နားလည်ပါလိမ့်မယ်။စိတ်ထဲ ထင်တဲ့အတိုင်းပြောချ ပစ်လိုက်တာဟာရိုင်းတယ်လို့လည်း သူတို့သိချင်မှသိပါလိမ့်မယ်။ဘာလို့လဲဆိုတော့ သူတို့က ကလေးပဲကိုး။ကလေးသာ ပဲမို့ အဖေ၊အမေဆီမှာ ပိုက်ဆံ ရှိမှန်းမသိ၊ မရှိမှန်းမသိ အတင်းငိုယိုပြီးတော့ ပူဆာချင်လည်းပူဆာမယ်။ တစ်ကိုယ် ကောင်းဆန်တဲ့ အပြုအမူတွေ လုပ်ကောင်းလုပ်မယ်။အဲလို ကလေးလုပ်တဲ့ အခါ မျိုးမှာ နားမလည်လေခြင်းရယ်လို့ တွေးပြီးတော့ ကလေးကို စိတ်ဆိုးစိတ်တိုနေမယ့်အစား ကလေးတို့ယဉ်ကျေးလိမ္မာလာစေဖို့ စာအုပ်ကလေးတွေ ဖတ်ပြတာပဲဖြစ်ဖြစ်၊ ကလေးနားလည်အောင်လို့ အေးအေးဆေးဆေး ရှင်းပြပြောပြတာမျိုးပဲ ဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်။ကလေးတို့ငိုယိုတာ၊ဂျီကျတာ၊ပူဆာတာ၊တစ်ကိုယ်ကောင်းဆန်ချင်တာတွေဟာ တကယ်တော့ ပုံမှန်ကလေးသဘာဝများသာဖြစ်ပါတယ်။တစ်ခါတည်း အပ်ချလောင်းဆိုပြီးတော့မန်း လိုက်မုတ်လိုက်သလို မွေးကတည်းက လိမ္မာလာလိမ့် မယ်လို့တော့မမျှော်လင့်ပါနဲ့။မိလတို့အနေနဲ့ ကလေးအပြုအမူ မှားတစ်ခုကို တစ်ခါလုပ်တိုင်းလုပ်တိုင်းမှာ အဲလုပ်လုပ်တာ မကောင်းကြောင်းကို ကလေးနားလည်အောင်လို့ နားလည်တဲ့အထိ သင်ကြားပြသ ပြောဆိုပေးရမှာပါ။ မွေးကတည်းက လူကြီးတစ်ယောက်လိုမျိုးအာလုံး တတ်သိနားလည်လာတဲ့ ကလေးဆိုတာ ဘယ်မှာမှ၊ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။
7.အမှီခိုကင်းကင်းနဲ့ ကိုယ်အားကိုယ်ကိုးတတ်စေဖို့အားပေးတိုက်တွန်းပေးပါ
ကလေးတို့ဟာ သဘာဝအားဖြင့် သူများအမှီခိုကို သိပ်မယူတတ်ချင်ပါဘူး။ သူတို့ဘာသာ သူတို့ကိုယ်တိုင် လုပ်ချင်တတ်ကြတယ်။ ဟိုဟာလေးကိုင်ကြည့် ဒီဟာလေးဆွဲကြည့်နဲ့ သူတို့ဘာသာသူတို့ စူးစမ်းလေ့လာတတ်ကြတယ်လေ။ မိလတို့အနေနဲ့ ကလေးပြောတာကို သေသေချာချာ အာရုံစိုက်ပြီးတော့ နားထောင်ပေးဖို့နဲ့ သူတို့ရဲ့ကိုယ့်အားကိုယ်ကိုးကာ စူးစမ်းလေ့လာတဲ့ အကျင့်လေးကို ပိုပြီးတော့ ဖွံ့ဖြိုးလာအောင်လို့ ကူညီပံ့ပိုးပေးရပါမယ်။ မိဘက လိုတာရော မလိုတာရော အားလုံးလိုက်လုပ်ပေးနေမယ်ဆိုရင်တော့ ကလေးကမိဘကိုပဲ နေရာတကာ မှီခိုအားထားလာပါလိမ့်မယ်။ မိဘက ကလေးကို နေရာတကာ လိုက်မလုပ်ပေးပဲနဲ့ သူရဲ့ ကိုယ်ကိုယ်ကို အားကိုးတဲ့ စိတ်လေး လွတ်လပ်ဖွံ့ဖြိုးလာအောင်းလို့ လေ့ကျင့်ပေးနိုင်မယ်ဆိုရင်တော့ ကိုယ်ရဲ့ ကလေးဟာ ပျော်ရွှင်တက်ကြွပြီးတော့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ကလေးမျိုးအဖြစ်ကြီးပြင်းလာပါလိမ့်မယ်။
8.ပျော်ရွှင်စရာလေးတွေရှာဖွေပါ
ဒီကနေ့ခေတ်က မိဘတွေရော ကလေးများပါ အင်မတန်မှကို အလုပ်ရှုပ်ကြရတဲ့ခေတ်ပါ။ဒါကြောင့်မို့ အလုပ်….အလုပ် …အလုပ်နဲ့ ပဲ လုပ်ကြရလွန်းလို့ တစ်နေ့တစ်နေ့ မရယ်ရ မပြုံးရ မပျော်ရတာတွေ များလာပြီဆိုရင်တော့ ကလေးရော၊လူကြီးများမှာပါ စိတ်ဖိစီးမှုများလို့ လူဘဝကိုအဆိုးမြင်လာတတ်ကြပါတယ်။စိတ်နေစိတ်ထားတွေလည်းကြမ်းတမ်းခက်ထန်လာတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့ သူများဟာ ဘာကိုပဲဖြစ်ဖြစ်စိတ်မရှည်နိုင်တော့ပဲ အလွယ်တကူ အော်ချင်၊ရိုက်ချင်ငြင်းခုန်ရန်ဖြစ်ချင်လာတတ်တယ်။ဒါကြောင့်မို့တစ်နေ့ကိုနှစ်နာရီလောက်ကလေးနဲ့အတူတူ ဆော့ကစားပြီးတော့ မိသားစုရဲ့ ပျော်စရာ အချိန်လေးတွေကိုရှာဖွေ ယူကြ ရပါမယ်။ ကိုယ်ရဲ့ အလုပ်ချိန်ဇယား ထဲကမှ ပျော်စရာကို ရှာဖွေယူကြရမှာပါ။