ကလေးတွေကို မဖြစ်မနေ သင်ပေးသင့်တဲ့ အလေ့အကျင့်ကောင်း (၁၀) မျိုး

မေမေတို့အနေနဲ့ သားသားမီးမီးတွေကို ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းလေးတွေ သင်ထားပေးသင့်ပါတယ်။

အလေ့အကျင့်ကောင်းလေးတွေ ပျိုးထောင်ထားပေးမှ သူတို့ကျောင်းနေအရွယ်ရောက်တဲ့အခါ ကောင်းမွန်တဲ့ ကလေးလေးတွေ ဖြစ်လာမှာပါ။

မေမေတို့ ကလေးအတွက် ကျန်းမာတဲ့ အလေ့အထတွေကို စောနိုင်သမျှ စောစော မိတ်ဆတ်ထားဖို့ လိုအပ်ပါတယ်။
ဥပမာ- တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်ပြီး အစာမစားခင် လက်ကိုသေချာဆေးတာတို့၊ ကစားပြီးရင် လက်ဆေးတာတို့ဟာ အခြေခံသင်ပေးထားရမယ့် အလေ့အကျင့်လေးတွေပါ။

ဒါ့အပြင် ကျောင်းစတက်ရတော့မယ့် မေမေတို့ကလေးတွေအတွက် သင်ပေးထားသင့်တဲ့ အလေ့အထကောင်းလေးတွေရှိပါသေးတယ်။

 

၁။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာ စားသောက်ခြင်း

ဒါက သူတို့အားလုံးအတွက် အခက်အခဲဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တခြားကလေးတွေလိုပဲ မေမေတို့ရဲ့ကလေးဟာ ဆိုးဆေးပါတဲ့ ဇီးထုပ်တွေ၊ အချဉ်ထုပ်တွေ၊ မသန့်တဲ့ ဆီနဲ့ကြော်ထားတဲ့ အာလူးကြော်ထုပ်တွေကို စားချင်ပါလိမ့်မယ်။ သူတို့က ဒါကမကောင်းဘူး၊ ကျန်းမာရေးနှင့်မညီညွတ်ဘူးဆိုတာ နားမလည်ကြပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စွာစားခြင်းရဲ့ အရေးပါပုံနှင့် Junk food တွေက ကျန်းမာရေးအတွက် ဘယ်လို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ ရှင်းပြပေးပါ။ ရံဖန်ရံခါ သင့်ကလေးအတွက် သရေစာမုန့်တွေကို အိမ်မှာလုပ်ကျွေးပါ။

 

၂။ ထမင်းစားပွဲပေါ်က အမူအကျင့်များ

ဒါက မေမေတို့ကလေးကို ပညာပေးဖို့ လိုအပ်တဲ့ အလေ့အကျင့်ကောင်းတွေထဲက အရေးအပါဆုံး အချက်တစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကလေးအနေနဲ့ အခြေခံထမင်းစားပွဲ အမူအကျင့်လေးတွေ သိထားသင့်ပါတယ်။

 

၃။ တစ်နေ့ နှစ်ကြိမ်သွားတိုက်ခြင်း

ငယ်ရွယ်တဲ့ကလေးတွေဟာ သွားတိုက်ရမှာကို မကြာခဏ ပျင်းတတ်ကြပါတယ်။ သွားကျန်းမာရေးနှင့် သွားတိုက်ခြင်းရဲ့ အရေးပါပုံကို ကလေးကို ပညာပေးဖို့ မိနစ်အနည်းငယ်လောက် အချိန်ယူပြီး ရှင်းပြပေးပါ။ မေမေတို့က ကလေးသွားတိုက်ချင်လာအောင် ပျော်စရာကောင်းတဲ့နည်းလမ်းလေးတွေ ရှာဖွေပေးပါ။

 

၄။ အချိန်နဲ့ အိပ်ခြင်း

မေမေတို့ရဲ့ကလေးကို အိပ်ချိန်မှန်ကန်အောင် လေ့ကျင့်ပေးပါ။ သင့်ကလေး ကျောင်းစတက်တာနဲ့ ဒါက အရေးအပါဆုံးဖြစ်ပါလိမ့်မယ်။ ပုံမှန်အိပ်ရာဝင်ချိန် သတ်မှတ်ပေးပါ။ ဒါမှသာ စောစောအိပ်ရာထတတ်တဲ့ အကျင့်ရရှိမှာပါ။

 

၅။ အပြင်မှာဆော့ကစားခြင်း

မေမေတို့ရဲ့ကလေးကို တီဗီရှေ့မှာ ကာတွန်းကားကြည့်ရင်း၊ တီဗီဂိမ်းကစားရင်းနှင့်ဘဲ အချိန်မကုန်ပါစေနဲ့။ နေ့စဉ်နေ့တိုင်း ပြင်ပလှုပ်ရှားမှုလေးတွေ ပြုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုကို အားပေးပါ။

 

၆။ ရှုပ်ပွနေတာတွေကို သန့်ရှင်းရေးလုပ်ခြင်း

သူ့ရဲ့အခန်းထဲမှာ ရှုပ်ပွနေတာတွေကို ရှင်းလင်းဖို့ ကလေးကို သင်ပေးထားတာက အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ ကစားစရာတွေ၊ စာအုပ်တွေနဲ့ ပစ္စည်းပစ္စယတွေကို သူ့နေရာနဲ့သူထားဖို့ တစ်နေ့ကို ၁၀မိနစ် မိနစ် ၂၀လောက် သန့်ရှင်းရေးလုပ်တတ်အောင် သင်ပေးထားရပါမယ်။ မေမေတို့က သားသားမီးမီးတို့ရဲ့ အခန်းလေး သန့်ရှင်းနေရင် သူ့အကြိုက်ဆုံးမုန့်ကျွေးပြီး ဆုချနိုင်ပါတယ်။

 

၇။ ငွေကြေးနှင့်ပတ်သတ်လာရင် တာဝန်ယူတတ်စေဖို့

မေမေတို့ရဲ့ကလေးဟာ ကျောင်းတတ်ရတော့မယ်ဆိုရင် အတန်းကြီးလာတာနဲ့အမျှ ကျောင်းအတွက် လိုအပ်တာတွေဝယ်ဖို့၊ ဘာဖိုးညာဖိုးပေးဖို့ ပိုက်ဆံကိုင်သုံးရတော့မှာပါ။ ဒါ့ကြောင့် မေမေတို့ကလေးဟာ ပိုက်ဆံကို အကျိုးရှိရှိသုံးတတ်အောင်၊ မလိုအပ်ဘဲ မသုံးမိစေအောင် ပညာပေးဖို့ လိုပါတယ်။ သူ့ရဲ့ကုန်ကျစရိတ်ကို စီမံခန့်ခွဲတတ်ဖို့နဲ့ ပိုက်ဆံစုတတ်စေဖို့ သင်ပေးနိုင်ပါတယ်။

 

၈။ “ကျေးဇူးတင်ပါတယ်”၊ “ကျေးဇူးပြုပြီးတော့” စသဖြင့်ယဉ်ကျေးစွာ ပြောဆိုခြင်း

မေမေတို့ရဲ့ကလေးကို သင်ပေးဖို့ လိုအပ်တဲ့ နောက်ထပ်အခြေခံစည်းမျဉ်းလေးဖြစ်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလုံးတွေက ယဉ်ကျေးပြီး ကြည်နူးဖွယ်ကောင်းတဲ့ စကားလုံးလေးတွေ ဖြစ်ပါတယ်။ သင့်ကလေး သိဖို့လိုအပ်တဲ့ အရာလည်းဖြစ်ပါတယ်။

 

၉။ မျှဝေမှုကို ဂရုစိုက်ခြင်း

ဒါက ကျောင်းနေကလေးအတွက် အရေးအပါဆုံး အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ သင့်ကလေးက ကလေးတစ်ယောက်သာဖြစ်လျှင် မျှဝေခြင်းက ဘဝရဲ့အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ဘယ်လိုပြောင်းလဲကြောင်း ရှင်းပြဖို့ လိုပါလိမ့်မယ်။
မျှဝေခြင်းက ဘယ်လိုပျော်ရွှင်မှု ရရှိစေကြောင်းနှင့် တခြားတစ်ယောက်မှာမရှိတဲ့ အရုပ်၊ ပစ္စည်းတွေကို မျှဝေပေးရခြင်းက ဘယ်လောက်ကံကောင်းကြောင်း သူတို့ကို ပညာပေးပါ။

 

၁၀။ အမှိုက်သရိုက်တွေကို Public ဧရိယာမှာ မစွန့်ပစ်တတ်အောင်

ပန်းခြံ ၊ ဥယျာဉ်၊ လမ်းပေါ်မှာကဲ့သို့ အများပြည်သူသွားလာနေတဲ့နေရာတွေမှာ အမှိုက်တွေ စွန့်ပစ်ခြင်းက နိုင်ငံသားကောင်းမပီသတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း ရှင်းပြပါ။ အမှိုက်ပုံးထဲမှာ အမြဲတမ်း အမှိုက်ပစ်ဖို့နဲ့ ယဉ်ကျေးတဲ့ နိုင်ငံသားတစ်ယောက်အမူအကျင့်တွေက ဘယ်လိုလဲဆိုတာ သင်ပြပေးပါ။

 

ဒီအလေ့အကျင့်လေးတွေကို မေမေတို့ရဲ့ကလေးမှာ ပျိုးထောင်ပေးခြင်းဖြင့် သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပုံဖော်ပေးပြီး သူတို့အလေ့အကျင့်ကောင်းတွေကို တိုးတက်အောင် ကူညီပါ။ မေမေတို့ကလေး ကျောင်းတက်ရတဲ့အခါ ဒီရိုးရှင်းတဲ့ အလေ့အကျင့်ကောင်းလေးတွေက သူ့ကို ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာစေမယ်လို့ ရှင်းပြပေးပါ။

မေမေတို့ရဲ့ ကလေးတွေကို ဒီအလေ့အကျင့်ကောင်းလေးတွေ သွန်သင်ပေးဖို့၊ ပြောပြပေးဖို့ မမေ့ပါနဲ့နော်။

Nurture Pre-school
Knowledge of the week
Crd to rightful Owner