ကလေးမျက်ခုံးထူအောင် ကွမ်းရိုးနဲ့ ဆွဲပေးသင့်သလား ?
“ဟဲ့ ကလေးလေးက မျက်ခုံးလေးတွေ ပါးလိုက်တာ..ကွမ်းရိုးလေးနဲ့ ဆွဲပေးလေ”ဟူသော စကားသံမျိုးကို မိဘတော်တော်များများ ကြားဖူးကြမှာပါ။
ခေတ်ပေါင်းများစွာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည့် ရှေးမြန်မာတို့၏ ကလေးပြုစုစောင့်ရှောက်ရေးနည်းလမ်းများက မှန်ကန်သင့်တော်တာတွေရှိသလို ယနေ့ခေတ်ဆေးသိပ္ပံပညာအမြင်နှင့် မလျော်ကန်တာတွေလည်းရှိ၏။
အချို့က သေချာပေါက်ဘေးဖြစ်စေသော်လည်း အချို့ကား သိသိသာသာ အကျိုးဖြစ်စေ၏။
အချို့မှာကား ဘေးမဖြစ်စေသော်လည်း အကျိုးတစုံတရာ ဖြစ်ထွန်းမည်မဖြစ်ထွန်းမည် မသေချာ။
ကွမ်းရိုးနှင့် မျက်ခုံးမွှေးဆွဲပေးခြင်းသည် အထက်ပါ တတိယအုပ်စုတွင်ပါဝင်၏။
အန္တရာယ် မဖြစ်စေနိုင်သော်လည်း အမှန်တကယ် အကျိုးဖြစ်မဖြစ် လေ့လာထားသော သုတေသနစာတမ်းများမူ နိုင်ငံတကာတွင်လည်း မတွေ့ရ။
မြန်မာနိုင်ငံတွင်လည်း မရှိသေးပေ။
“မျက်ခုံးဘာလို့ ထူချင်ကြတာလဲ”
မည်သူမဆို ‘လှချင်လို့’ ဟုသာ ဖြေမည် မုချ။
မိဘတိုင်းမိမိသားသမီးကို မျက်လုံးမျက်ခုံး လှစေချင်သည်။
မျက်ခုံးထူထူလေးဖြစ်စေချင်သည်။
မျက်ခုံးထူထူလေးတစ်ခုက မျက်နှာလှလှလေးတစ်ခုဖြစ်ဖို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်သည်မဟုတ်လား။
မျက်ခုံးထူထူလေးတစ်ခုကြောင့် ပိုလှပချောမောစေသလို ၎င်း၏ အဓိကတာဝန်ဖြစ်သော မျက်လုံးကို အနှောင့်အယှက်ဖြစ်စေမည့် ချွေး၊အမှုန်အမွှား၊ နေပူဒဏ်တို့မှလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်မည် ဖြစ်၏။
အချို့ကား မျိုးရိုးဗီဇအရ သဘာဝ၏လက်ဆောင်အဖြစ် မျက်ခုံးမွှေးထူထူလေး ပါလာကြသော်လည်း အချို့အတွက်တော့ မျက်ခုံးမွှေးကံကြမ္မာကား ကျိုးတိုးကျဲတဲ။
မည်သည့်အရာမဆို သဘာဝအတိုင်းသာအကောင်းဆုံးဖြစ်သည် မှန်သော်လည်း မိဘ၏ မေတ္တာနှင့် လှစေချင်စိတ်က သဘာဝတရားကို အံတုသာလွန်ချင်လာသောအခါ ကလေးလေး ပိုချောပိုလှဖို့ရာ ကြိုးစားကြလေသည်။
နှာတံလေးပေါ်အောင် ပုံသွင်းတတ်ကြသလို မျက်ခုံးမွှေးကိုကွမ်းရိုးနှင့်ဆွဲပေးကြ၏။
နိုင်ငံတကာတွင်တော့ အခြားနည်းလမ်းများသုံးကြသော်လည်း မြန်မာ့ရိုးရာတွင်မူ ကွမ်းရိုးဆွဲသည့် ဓလေ့သာလူသိများ၏။
”ကွမ်းရိုးနဲ့မျက်ခုံးဆွဲပေးရင် ကလေးမျက်ခုံး တကယ်ထူလာမှာလား”
မျက်ခုံးတကယ်ထူမထူထက် မဆွဲခင် ဘာသတိထားရမည် ဆိုသည်က ပိုအရေးကြီး၏။
ကလေးမထိခိုက်စေဖို့ပင်။
သန့်ဖို့လို၏။
သေချာစွာဆေးကြောထားဖို့လို၏။ ရေနွေးနှင့် ပိုးသတ်ထားသင့်၏။
တစ်လအောက် ကလေးများတွင် အလွန်နုနယ်သေးသဖြင့် မလုပ်သင့်။
ကလေးဆရာဝန်နှင့် တိုင်ပင်ပြီးမှ လုပ်သင့်၏။
ကလေးအသားအရေနှင့် ဓာတ်မတည့်ခြင်း၊ အနီကွက်ထလာခြင်း၊ အနာဖြစ်ခြင်းများဖြစ်လာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသရမည်ဖြစ်သည်။
ကွမ်းရွက်နှင့် ကွမ်းရိုးသည် နိုင်ငံတကာ သုတေသနများအရ အလွန်ဆေးဘက်ဝင်၏။
Antioxident ဂုဏ်သတ္တိရှိသလို Niacin,Thiamin,Riboflavin,Carotene နှင့် Vitamin C စသည့် ဗိုက်တာမင်များလည်း အလွန်ကြွယ်ဝ၏။
Chavicol ဟူသည့် Polyphenol ဓာတ်တစ်မျိုးပါဝင်သည့် အတွက် အချို့ရောဂါပိုးမွှားများကိုပင် သေစေနိုင်သော အာနိသင် ရှိပေသည်။
ခေါင်းအစခြေအဆုံး ရောဂါမျိုးစုံအတွက် ကွမ်းရွက်၊ ကွမ်းရိုး၏ ဆေးဖက်ဝင်ပုံကို လေ့လာထားသည့် သုတေသနများစွာရှိသော်လည်း မျက်ခုံးထူစေသည့် အချက်ကိုကား သုတေသနမရှိသေးပေ။
ဤနေရာတွင် စိတ်ဝင်စားစရာ အချက်တစ်ချက်တွေ့ရ၏။
နိုင်ငံတကာတွင် ကလေးမျက်ခုံးထူစေရန် ပြုလုပ်သည့် နည်းလမ်းများပင်။
”နိုင်ငံတကာမှာ ကလေးမျက်ခုံးထူဖို့ ဘာနည်းလမ်းတွေသုံးကြလဲ”
ယင်းနည်းလမ်းများတွင် ကလေး၏ မျက်ခုံးအား ဆီတစ်ခုခု အနည်းငယ် ဂွမ်းနှင့်တို့ပေးပြီး နှဖူးဘက်သို့ ဦးတည်၍ သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့ နှိပ်နယ်(Massage)ပေးခြင်းပါဝင်၏။
ကြက်ဆူဆီ၊ အုန်းဆီသန့်သန့်၊ Almond oil၊ သံလွင်ဆီ၊ ကြက်ဥအကာ၊ ရှားစောင်းလက်ပတ် စသည်တို့ကို အသုံးပြု တတ်ကြသည်။
ဓာတ်မတည့်မည့် Allergy ပြဿနာကို ကြောက်၍ Patch test လုပ်၍ တည့်မတည့် စမ်းသပ်ပြီးမှ လုပ်တတ်ကြသည်။ တစ်ပါတ်လျှင် သုံးလေးရက် ခန့် လုပ်ပေးလျှင် ကလေးမျက်ခုံးထူ၍ သန်စွမ်းလာမည်ဟု သူတို့လည်း ယုံကြည်ကြ၏။
“ဘယ်လိုအစာအဟာရဓာတ်တွေ လိုအပ်လဲ”
– မုန်လာဥနီ၊ ကန်စွန်းဥ၊ ပန်းငရုတ်ပွ စသည့် ဗိုက်တာမင်A ကြွယ်ဝသော အစားအစာများ
– လိမ္မော်သီး၊ ရှောက်သီး၊ သံပရိုသီး၊ ပန်းဂေါ်ဖီစိမ်း၊ သင်္ဘောသီး စသည့် ဗိုက်တာမင်C ကြွယ်ဝသော အစားအစာများ
– မြေပဲ၊ သံလွင်ဆီ၊ ပင်စိမ်း၊ Almonds ၊ ဟင်းနုနွယ် အစရှိသည့် ဗိုက်တာမင်E ကြွယ်ဝသော အစားအစာများ
– ထောပတ်သီး၊ သစ်ကြားသီး၊ သံလွင်ဆီ၊ ဆလ်မွန်ငါး စသည့် Omega-3 fatty acids ကြွယ်ဝသော အစားအစာများ
– ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ထောပတ်သီး၊ ဆလ်မွန်ငါး စသည့် Biotinဓာတ်ကြွယ်ဝသော အစားအစာများပင် ဖြစ်သည်။
၎င်း အစားအစာများမှာ မျက်ခုံးတစ်ခုတည်းအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးအတွက်ပါ အသက်ရှည် ကျန်းမာစေမည့် အစားအသောက် အဟာရဓာတ်များလည်း ဖြစ်ပေသည်။ ကလေးများသာမက မျက်ခုံးထူထူလှလှလိုချင်သော လူကြီးများအတွက်ပါ အကျိုးရှိသည်ဟု ဆိုကြ၏။
သို့ဖြစ်ရာ နိဂုံးချုပ်ဆိုရသော် ကွမ်းရိုးနှင့်ဆွဲပေးခြင်းက မျက်ခုံးကို Massage လုပ် နှိပ်နယ်ပေးသကဲ့သို့ ဖြစ်စေပြီး ၎င်းတို့ ဆိုသလို မွှေးညှင်းပေါက်များဆီသို့ သွေးပိုလျှောက်အောင် လှုံ့ဆော်ပေးရာမှ တစ်ဆင့် မျက်ခုံးထူလာနိုင်ခြင်းကြောင့် ရိုးရာအစဉ်အလာတစ်ခုဖြစ်ပေါ်လာခြင်းများလားဟု စဉ်းစားစရာပင်။
ကွမ်းရွက်နှင့် ကွမ်းရိုးတွင်ပါဝင်သော ဆေးဖက်ဝင် ဓာတ်ပစ္စည်းများ အရေပြားအတွင်း စိမ့်ဝင်ခြင်းကြောင့် ဟုတ်မဟုတ်အတွက်မူကား သုတေသနများမရှိသေး၍ အတိအကျမပြောနိုင်သေးပေ။
ကွမ်းရိုးဆွဲပေးသည့် ဓလေ့ကတော့ မြန်မာတည်သရွေ့ဆက်လက်တည်ရှိနေဦးမည်ကတော့ အသေအချာပင်။
Dr ဖြိုးဝေလင်း