ကလေးများတွင်ဝမ်းအစိမ်းရောင်သွားခြင်း
တခုသောမနက် ကျွန်တော် Dr 528 ဆေးခန်းထိုင်နေစဉ် ကျွန်တော်ရဲ့ 528 မေတ္တာမွန် ဆေးခန်းကို မကြာခဏလာနေကျဖြစ်သော ဝိုင်းစိန်တို့လင်မယား အမောတကောဖြင့် ရောက်ချလာလေသည်။ သူတို့နဲ့အတူ ဟိုတလောကမှ တနှစ်ပြည့်တဲ့ သူတို့ရဲ့ ကလေးလေးလည်းပါလာသည်။
ကျွန်တော်။ ။ မဝိုင်းတို့ ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ။
မဝိုင်း။ ။ ကျွန်မ သားလေး ဒီမနက်ပိုင်းဝမ်းသွားတာ အစိမ်းရောင်တွေသွားနေလို့ဆရာ။ အဲ့ဒါစိုးရိမ်တာနဲ့ ဆရာ့ဆီပြေးလာခဲ့တာပါ။
မဝိုင်းအမျိုသား။ ။ ဟုတ်တယ်ဆရာ။ နှစ်ခါရှိပြီသွားနေတာ။ အရပ်ထဲမှာကျ ချီးစိမ်းပါရင် စိုးရိမ်ရတယ်။ အန္တရာယ်ရှိတယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်ပြီး ဆရာ့ဆီလာခဲ့တာပါ။
ကျွန်တော်။ ။ ကလေးသွားတဲ့ဝမ်းရော ယူခဲ့သေးလား။
မဝိုင်း။ ။ လိုလိုမယ်မယ်ဆိုပြီး ယူခဲ့တယ်ဆရာ။
ကျွန်တော်။ ။ ပြပါ။ကြည့်ရအောင်။ ကြည့်လိုက်တော့ ဝမ်းကအစိမ်းရောင်တွေ။ အကျိအချွဲအနည်းလည်းပါသည်။
ကျွန်တော်။ ။ ဝမ်းကတော့ အစိမ်းရောင် ဟုတ်တယ်။ ကလေးကဝမ်းသွားခါနီးကျငိုတာ သို့မဟုတ် ဗိုက်နာတယ်လို့ပြောတာမျိုးရှိလား။
မဝိုင်း။ ။ အဲ့လိုတော့မရှိဘူးဆရာ။
ကျွန်တော်။ ။ ကလေးကို ခုတင်ပေါ်တင်လိုက်ပါ။ စမ်းသပ်ကြည့်ရအောင်။
စမ်းသပ်ကြည့်တော့ ကလေးကအဖျားမရှိ။ အီနေတာ၊ မှိန်းနေတာ၊ မျက်တွင်းချိုင့်တာ၊ လျှာနှုတ်ခမ်းတွေခြောက်နေတာမျိုးလည်းမရှိ။ ဗိုက်ကတင်းနေဖောင်းနေတာမျိုးလည်း မရှိပါ။
ကျွန်တော်။ ။ စမ်းသပ်ရတဲ့အဖြေတွေအရတော့ စိုးရိမ်စရာမရှိပါဘူး မဝိုင်း။ ကလေးကိုမနေ့ကဘာတွေကျွေးမိသေးလဲ။
မဝိုင်း။ ။ မနေ့ကတော့ ဟင်းနုနွယ်ရွက်ကြော်ကျွေးပါတယ်။ ဖျော်ရည်လည်းတိုက်တယ်ဆရာ
ကျွန်တော်။ ။ ဖျော်ရည်ကဘာဖျော်ရည်တိုက်တာလဲ။
မဝိုင်း။ ။ သူ့အဘွားက ကရင်ဆိုဒါသောက်နေတာနဲ့ သူလည်းသောက်ချင်တယ်ဆိုတော့ တခွက်လောက်တိုက်မိတယ်ဆရာ။
ကျွန်တော်။ ။ ဟုတ်ပြီ ဒါဆိုအဲ့ဒါတွေကြောင့်ဖြစ်နိုင်တယ်။
မဝိုင်း။ ။ ဟုတ်လားဆရာ။ ဒါဆိုမစိုးရိမ်ရဘူးပေါ့နော်။
ကျွန်တော်။ ။ ဟုတ်ကဲ့ခုစမ်းသပ်ထားတာတွေအရမစိုးရိမ်ရပါ။ ရောက်လက်စနဲ့ မဝိုင်းတို့ကို ကလေးတွေမှာ ဘယ်အကြောင်းတွေကြောင့် ဝမ်းအစိမ်းသွားတတ်တယ်။ ဘယ်လိုမျိုးဆိုရင်စိုးရိမ်ရတယ်ဆိုတာကို တခါတည်းပြောပြလိုက်မယ်။ အချိန်ရတယ်မို့လား။
မဝိုင်း။ ။ ရတာပေါ့ဆရာ။မဟုတ်ရင်တောင် အဲ့ဒီအကြောင်း ဆရာ့ကိုခုမေးတော့မလို့ပါ။
ကျွန်တော်။ ။ ကလေးတွေမှာ ဝမ်းအစိမ်းသွားခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေ အများကြီးရှိတယ်။ မွေးကင်းစကလေးတွေမှာဆိုရင် မိခင်ဗိုက်ထဲမှာရေမွှာရည်ကို မတော်တဆ သောက်မိခဲ့ရင် မွေးပြီးပြီချင်းသုံးရင်အတွင်းမှာ ဝမ်းအစိမ်းရောင်သွားတတ်တယ်။ မိခင်နို့တိုက်နေတဲ့ကလေးတွေမှာဆိုရင် မိခင်က အစိမ်းရောင်အစားအသောက်တွေ စားသောက်တာများရင် ကလေးက အစိမ်းရောင်ဝမ်းသွားနိုင်ပါတယ်။
ကလေးကိုနို့တိုက်တဲ့အခါ တဖက်ဆို တဖက်ကုန်အောင်မတိုက်ဘဲ (ကလေးက နို့ကိုမလွှတ်သေးဘဲ) ဘယ်ညာ ခဏခဏပြောင်းတိုက်ရင်လည်း စစချင်းထွက်တဲ့နို့ရည်နဲ့ နောက်ပိုင်းထွက်တဲ့နို့ရည်မှာပါတဲ့ဓါတ်တွေ မညီမျှမှုဖြစ်ခြင်း (Fore milk and hind milk imbalance) ကြောင့် ဝမ်းအစိမ်းရောင်သွားတတ်တယ်။
ဖြည့်စွက်စာတွေစစားတဲ့အရွယ်ကျ အစိမ်းရောင်ရှိတဲ့အစားအသောက်တွေ စားသောက်မိရင် ကလေးတွေရဲ့အစာခြေစနစ်က လူကြီးတွေလိုမကောင်းသေးတော့ ဝမ်းထဲအစိမ်းရောင်တွေပါလာတတ်တယ်။ ဒါ့အပြင် ကလေးတွေရဲ့အစာခြေစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုက အရမ်းမြန်တော့ တခါတရံ သည်းခြေရည်တွေဝမ်းထဲပါလာရင်လည်း ဝမ်းအစိမ်းရောင်သွားတတ်ပါသေးတယ်။
မဝိုင်း။ ။ ဒါဆိုဝမ်းအစိမ်းသွားရင် မစိုးရိမ်ရဘူးပေါ့ဆရာ။
ကျွန်တော်။ ။ အကြမ်းအားဖြင့်ပြောရရင်တော့ ဝမ်းစိမ်းသွားတာဟာ ဝမ်းအနီတွေ၊ ဝမ်းအမဲတွေ၊ ဝမ်းအဖြူတွေသွားတာနဲ့စာရင် စိုးရိမ်ရနိုင်ခြေနဲပါတယ်။ သို့ပေမယ့် ဖျားတာ၊ ဝမ်းအရည်တွေမကြာခဏသွားတာ၊ ကလေးကမှိန်းလွန်းတာ သို့မဟုတ် အီလွန်းတာ၊ လျှာနှုတ်ခမ်းတွေခြောက်တာ၊ ဗိုက်ဖောင်းလာတာ၊ ဝမ်းသွားခါနီးကျ တအားငိုတာ၊ ဗိုက်နာတာ စတဲ့လက္ခဏာ တွေရှိရင်တော့ စိုးရိမ်ရပါတယ်။ ဝမ်းစိမ်းတခုပဲသက်သက်သွားတာကတော့ သိပ်မစိုးရိမ်ရပါ။
မဝိုင်း။ ။ ဒါဆိုခုကလေးက ဆေးသောက်ဆေးထိုးဖို့ရောလိုလားဆရာ။
ကျွန်တေ်ာ။ ။ မလိုပါဘူး။ ဒီနှစ်ရက်သုံးရက်အတွင်းမှာ အစိမ်းရောင်ပါတဲ့အစားအသောက်တွေ ထပ်မစားမိအောင် ဂရုစိုက်လိုက်ပါ။ သုံးရက်လောက်ဆိုရင် ပုံမှန်ဝမ်းအရောင်ပြန် ဖြစ်နိုင်ပါတယ်။ ခုတရက်နှစ်ရက်ကတော့ ဝမ်းအစိမ်းသွားနိုင်ခြေရှိပါသေးတယ်။ ဒီတောအတွင်း ကျွန်တော်ခုနက တခါပြောတဲ့ ဖျားတာ၊ မှိန်းတာအစရှိတဲ့ လက္ခဏာတွေဖြစ်လာရင်တော့ ဆေးခန်းပြန်ပြပါ။
မဝိုင်း။ ။ ဟုတ်ကဲ့ပါဆရာ။ခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြန်လိုက်ပါအုံးမယ်။
ကျွန်တော်။ ။ ရပါတယ်။ ကျွန်တော်ကလည်း ခုလိုအချိန်ပေးနားထောင်ပေးတဲ့ မဝိုင်းတို့လင်မယားကို ကျေးဇူးတင်ပါတယ်။ ဖြေးဖြေးသွားပါ။