မိဘအများစုဟာ အိမ်မှာ ကိုယ့်သားသမီးရဲ့ လှုပ်ရှားသွားလာမှု၊စားမှု သောက်မှု စသည်တို့မှာ ချွတ်ယွင်း ချက် တစ်စုံတစ်ရာ ရှိနေရင်ပဲဖြစ်ဖြစ်၊ ကျောင်းမှာ စာမလိုက်နိုင်တာ၊ တခြားကလေးတွေလို သွက်သွက်လက်လက် ထက်ထက် မြက်မြက် မရှိဘဲ စဉ်းစားပုံစဉ်းစားနည်းကအစ သာမန်ကလေးတစ်ယောက်ထက် ထိုင်းမှိုင်းနေတာမျိုးတွေတွေ့ရင် သားသမီးရဲ့ အိပ်စက်အနားယူချိန်နဲ့ ပုံသဏ္ဍာန်စနစ်အပေါ်မှာ မူတည်စဉ်းစား တာ တွေဟာ လိုအပ်ချက်တွေရှိနေတာ သိရပါမယ်။

ကျောင်းမှာ၊ အိမ်မှာ တစ်နေကုန် ကစားခုန်စား  လှုပ်ရှားသွားလာပြုလုပ်ထား  တဲ့ကလေးတစ်ယောက်ဟာတစ်နေ့တာကုန်ခမ်း သွားတဲ့ သူ့ရဲ့အားအင်တွေ၊ စွမ်းရည်တွေကို ပြန်လည်ဖြည့် တင်းဖို့      အတွက် အနှောင့်အယှက်ကင်းကင်းနဲ့ ပြည့်ပြည့်၀၀ အနားယူအိပ်စက်ဖို့ လိုအပ်လှ ပါတယ်။ ဒီလိုအနားယူခြင်းဟာ သားသမီးတို့ ဘဝတစ်လျှောက် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ထိရောက်မှုရှိလှတဲ့ လိုအပ်ချက်တစ်ခုပါပဲ။

ကလေးများအိပ်ရေးမဝရခြင်းအကြောင်းမှာ အမျိုးမျိုးရှိတတ်ပါတယ်။ တစ်ခါတလေ ကလေးရဲ့ ပင်ကိုစရိုက်ဖြစ်သလို မိဘမျိုးရိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာမျိုး (ဥပမာ-ဟောက်ခြင်းကလည်း  အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။) စိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ စိတ်တို၊စိတ်ဆတ်ခြင်း၊ ဒေါသကြီး စိတ်ကောက်တတ်ခြင်းတွေဟာလည်း အိပ်စက်တဲ့အချိန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကိုထိခိုက်စေပါတယ်။ နောက်တစ်ချက်က အိပ်ရေးမဝတဲ့ကလေးဟာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်အမျိုးမျိုးပေးပြီးပြဿနာရှာတတ်တဲ့ကလေး တစ်ယောက် ဖြစ် လာနိုင်လို့ပါပဲ။

ကလေးတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ဘယ်လောက် လိုအပ်သလဲဆိုတာကတော့ ကာယကံရှင်အပေါ်မှာအတိအကျ မူတည်နေပါတယ်။ ယေဘုယျအားဖြင့်ကတော့ မူကြိုအရွယ်မှာ အိပ်ချိန်၁၁/၁၂ နာရီလောက်ရှိပါမယ်။ မူလတန်းအရွယ်ဆိုရင်တော့အိပ်ချိန်၁၀ နာရီဖြစ်ပြီး၊ ၁၀နှစ်ကနေ ၁၆ နှစ်အတွင်းကတော့ အိပ်စက်ချိန် ၉ : ၀၀ နာရီ နဲ့ ၉ : ၃၀ နာရီ အိပ်စက်ပေးရပါ မယ်။

အစားအသောက်စားတဲ့အပေါ်မှာ မူတည်ပြီးတော့လည်း အိပ်စက်ချိန်ကို ထိခိုက်နိုင်ပါတယ်။  ကလေးဟာ အိပ်ရာ မဝင်ခင်မှာရေအများကြီးသောက်ထားခဲ့ရင် အိပ်သာကို မကြာခဏထသွားရတဲ့အတွက် အိပ်ရေးပျက်ပါလိမ့်မယ်။ ရင်ခွင်ပိုက်ကလေးတွေကိုညနေပိုင်းမှာ(၂) ကြိမ်အထိပဲ ရေတိုက်သင့်ပါတယ်။ ၅-၆လအရွယ်ဆိုရင်ညဘက်မှာ  ရေ(သို့မဟုတ်)အရည်ကို  ၈အောင်စထက် ပိုမတိုက်သင့်ပါဘူး။ ကဖင်းဓာတ်ပါတဲ့ အရည် (ဥပမာ ‌ကော်ဖီ) တွေဟာ ကလေးရဲ့အိပ်စက်ခြင်းအတွက် အနှောင့်အယှက်ကြီးမားလှပါတယ်။ ကဖင်းပါတဲ့ အစားအသောက်တွေကန့်သတ်လျှော့ချ သင့်ပါတယ်။ လုံးဝရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကဖင်းဟာ ခန္ဓာကိုယ်ထဲမှာ၁၂ နာရီကြာတဲ့အထိ မကျေပျက်ပါဘူး။ တကယ်လို့များမဖြစ်မနေကလေးကိုတိုက်ရ၊ ကျွေးရတော့မည်ဆိုလျှင် (ဥပမာ မွေးနေ့ရှိလို့) အိပ်ချိန်နဲ့ ၈နာရီလောက် ခြားပြီး တိုက်ကျွေးသင့်ပါတယ်။

အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိရင်တော့ကလေးဟာအိပ်နေရင်း ဟောက်ပါလိမ့်မယ်။ တချို့ကလေးတွေဟာ ပုံမှန်ဟောက်တတ်ပေမယ့် တချို့ကျ တစ်ခါတစ်ရံမှ ဟောက်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ကလေးရဲ့  အိပ်စက်တဲ့ပုံသဏ္ဍာန်ကို ပြင်ဆင်ပေးပါ။ ကလေးဟောက်တာကို တိတိကျကျ မှတ်သားထားပြီး ဆရာဝန်နဲ့ တိုင်ပင်ရမှာပါ။

သမီးအတွက်ညအိပ်ရေးမဝင်ခင်နာရီဝက်ခန့်အလိုမှာ တိတ်ဆိတ်စွာ ကလေးကိုနေခွင့်ပေး  ထားပါ။ ကလေးရဲ့အခန်းထဲမှာ တီဗီ၊ ဗီဒီယိုတွေ မထားပါနဲ့။ အဲ့ဒီအချိန်လေးမှာ ကလေးနဲ့အတူ သူအိပ်ပျော်သွားတဲ့အထိ နေပေးပါ။ အချိန်တော့ တိတိကျကျ သေသေချာချာလေး သတ်မှတ်ပေးထားပါ။ အနည်ဆုံး ၁၀ မိနစ်ကနေ မိနစ်၃၀  အထိပေါ့။

ကလေးအိပ်ရေး၀ မဝခန့်မှန်းလို့ရပါတယ်။ နေ့လယ်နေ့ခင်းအိပ်ငိုက်ရင် မျက်လုံးကိုပွတ်သပ်ပြီး တဝါးဝါးသမ်းနေရင် ၊လေးလံထိုင်းမှိုင်းနေရင်အိပ်ရေးမဝလို့ပါပဲ။ကလေးရဲ့အိပ်ချိန်အပေါ်မှာမှန်မှန်ကန်ကန် တွေးခေါ်စဉ်းစားဆုံးဖြတ်ချက်ချနိုင်ဖို့ ကတော့မိဘတွေအနေနဲ့လည်း ကိုယ်ခန္ဓာအနားယူချိန် မရှိရင်တောင် စိတ်အနားယူချိန် ပြည့်ပြည့်၀၀  ရှိနေသင့်ပါတယ်။ ဒါမှာလည်း သားသားမီးမီးတို့ရဲ့ အိပ်ချိန်ကိုစောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။