[caldera_form_modal id="CF5e22845bd4950" type="button"]Book Now [/caldera_form_modal]

Tr Name

Branch

မူလတန်း (Grade 1 – Grade 5)

မူလတန်း တွင် ကလေးများကို ၂၁ ရာစု ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာစေရန် ၊ တွေးခေါ်ဝေဖန်ပိုင်းခြားနိုင်ပြီး ဗလငါးတန် နှင့် ပြည့်စုံသူများ ဖြစ်လာ၍ မိမိတို့နိုင်ငံသာမက ကမ္ဘာတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးပါ စွမ်းဆောင်နိုင်သည့် နိုင်ငံသားကောင်းဖြစ်လာရေး အတွက် သင်ရိုးကို ထည့်သွင်းရေးဆွဲထားပါသည် ။

၂၁ရာစု ကျွမ်းကျင်မှုများ

မူလတန်းသင်ရိုးအား သင်ယူခြင်းအားဖြင့် ကျောင်းသားများသည် အောက်ဖော်ပြပါ၂၁ ရာစု ကျွမ်းကျင်မှုများကို ရရှိစေရန် သင်ရိုးကို ရေးဆွဲထားပါသည် ။ ၂၁ ရာစု ကျွမ်းကျင်မှုများမှာ -

  1. ပြောဆိုဆက်သွယ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ (Communication Skills)
  2. အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ ကျွမ်းကျင်မှုများ(Collaboration Skills )
  3. ကောင်းမွန်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်သော ကျွမ်းကျင်မှုများ (Critical Thinking Skills)
  4. တီထွင်ဖန်တီးနိုင်သော စွမ်းရည် (Creativity Skills)
  5. စာပေဆိုင်ရာ ကျွမ်းကျင်မှုများ (Literacy Skills)
  6. ဘဝတွက်တာ ကျွမ်းကျင်မှုများ (Life Skills)
  7. လိုက်လျောညီထွေ နေထိုင်နိုင်သော ကျွမ်းကျင်းမှုများ(Flexibility )
  8. ခေါင်းဆောင်မှု စွမ်းရည်များ (Leadership Skills )
  9. လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများ (Social Skills )

ဗလငါးတန် ဖွံ့ဖြိုးရေး

မူလတန်းသင်ရိုး ကို အထက်ဖော်ပြပါ ကျွမ်းကျင်မှုများ ရရှိစေရန်  ဗလငါးတန် ဖွံ့ဖြိုးရေး နှင့်ချိတ်ဆက်၍ သင်ခန်းစာများကို ရေးဆွဲထားပါသည် ။ ဗလ ငါးတန် ဖွံ့ဖြိုးရေးမှာ

1. ဉာဏ ဗလ

ဉာဏဗလ သည် အသိဉာဏ် ဗဟုသုတ ကို အခြေခံသော စာပေတတ်မြောက်မှု ဖြစ်ပါသည် ။ ဉာဏဗလ ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာစာ  ၊အင်္ဂလိပ်စာ   ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ၊ ဘဝတွက်တာ ၊ စာရိတ္တနှင့် ပြည်သူ့နီတိ စသော ဘာသာရပ်များနှင့် ချိတ်ဆက်ထားပြီး ဘာသာစကား ဆိုင်ရာ အသိဉာဏ် ၊ သင်္ချာဆိုင်ရာ ကျွမ်းကျင်မှု ၊ သိပ္ပံ ဆိုင်ရာ ကျွမ်းကျင်မှု ၊ သတင်းအချက် အလက် နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု ၊ တီထွင်ဖန်တီးမှု နှင့် ဆန်းသစ်တီထွင် စွမ်းရည် များ စသော ကျွမ်းကျင်မှုများ ကို ရရှိအောင် ထည့်သွင်းထားပါသည် ။

2. ကာယဗလ

ကာယ ဗလသည် ကျန်းမာကြံ့ခိုင်ရေး ဆိုင်ရာ အသိပညာကို အခြေခံသော စာပေတတ်မြောက်မှု ဖြစ်သည် ။ ကာယ ဗလ ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာစာ ၊သိပ္ပံ ၊ လူမှုရေး ၊ ကာယ၊ ဘဝတွက်တာ (တိုက်ကွမ်ဒို ) စသော ဘာသာရပ်များနှင့် ချိတ်ဆက်ထားပြီး ဘဝအတွက် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ အသိပညာ ကျွမ်းကျင်မှု ၊ကျန်းမာ၍ ရေရှည်တည်တံ့ ခိုင်မြဲသော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ  ကျွမ်းကျင်မှု များ ရရှိစေရန် ထည့်သွင်းထားပါသည် ။

3. စာရိတ္တ ဗလ

စာရိတ္တ ဗလသည်  အကျင့်စာရိတ္တ နှင့် စိတ်ဓာတ် ကျန်းမာ ဖွံ့ဖြိုးရေး ကို အခြေခံသော စာပေတတ်မြောက်မှုဖြစ်ပါသည် ။ စာရိတ္တ ဗလ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာစာ ၊ လူမှုရေး ၊ စာရိတ္တ နှင့်် ပြည်သူ့နီတိ၊ ဘဝတွက်တာ စသော ဘာသာရပ်များနှင့် ချိတ်ဆက်ထားပြီး နိုင်ငံသားနှင့် သက်ဆိုင်သော အသိပညာ ကျွမ်းကျင်မှုများ  ၊ နိုင်ငံတကာ နှင့် ဆိုင်သော အသိပညာ ဗဟုသုတများ ၊စာရိတ္တ နှင့် အမျိုးသားရေး လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်တတ်ရန် စသည့် ကျွမ်းကျင်မှုများ ရရှိရန် ထည့်သွင်းထားပါသည် ။

4. မိတ္တဗလ

မိတ္တဗလ သည် ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ အသိပညာများကို အခြေခံသော စာပေတတ်မြောက်မှု ဖြစ်ပါသည် ။ မိတ္တဗလ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူမှုရေး ၊ စာရိတ္တ နှင့် ပြည်သူ့နီတိ ၊ ဘဝတွက်တာ စသော ဘာသာရပ်များနှင့် ချိတ်ဆက်ထားပြီး လူမှုဆက်ဆံရေးကောင်းမွန်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သော အပြန်အလှန် ပြောဆိုဆက်ဆံ တတ်သော ကျွမ်းကျင်မှုများ ၊ မိမိ ကိုယ်ကိုယ် နားလည်လက်ခံနိုင်သော ကျွမ်းကျင်မှုများ ၊ ကိုယ်တိုင် နိုးကြားတက်ကြွစွာ သင်ယူလိုစိတ်များ ၊ ဘဝ တစ်လျှောက်လုံးလေ့လာ သင်ယူလိုစိတ်များ ရရှိစေရန် ထည့်သွင်းထားပါသည် ။

5. ဘောဂဗလ

ဘောဂဗလ သည် သက်မွေးဝမ်းကျောင်းဆိုင်ရာအသိပညာ ၊ ငွေကြေးဆိုင်ရာ အသိပညာ များကို အခြေခံသော စာပေ တတ်မြောက်မှု ဖြစ်ပါသည် ။ ဘောဂ ဗလ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ဘာသာရပ်များနှင့် ချိတ်ဆက်ထားပြီး ငွေကြေးဆိုင်ရာအခြေခံ အသိပညာများ ၊ စီးပွားရေး ဆိုင်ရာွအခြေခံ အသိပညာများ ၊ စွန့်ဦးစီးပွားဆိုင်ရာ အခြေခံ အသိပညာများ ကို ရရှိအောင် သင်ခန်းစာများ ထည့်သွင်းထားပါသည် ။

မူလတန်းဆင့် ပညာရေး၏ ရည်မှန်းချက်များ

(က)အသက်အရွယ်နှင့် သင့်လျော်သော ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ နှင့် ဘောဂ စသော ဗလ ငါးတန် ဖွံ့ဖြိုးမှုရရှိစေရန်။

(ခ)မြန်မာဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိစေရန် နှင့် ထို ကျွမ်းကျင်မှုများကို လက်တွေ့ ဘဝတွင် အသုံးချနိုင်ရန် ။

(ဂ)အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုများ ရရှိစေရန် နှင့် ထိုကျွမ်းကျင်မှုများကို လက်တွေ့ အသုံးချတတ်စေရန် ။

(ဃ)အခြေခံ သင်္ချာ အတွက်အချက်ဆိုင်ရာ ကျွမ်းကျင်မှုများကို ရရှိစေရန် နှင့် လက်တွေ့ ဘဝတွင် အသုံးချနိုင်ရန် ။

(င) မိမိ ပတ်ဝန်းကျင်ရှိ သဘာဝ ဖြစ်စဉ်ကို သိပ္ပံ နည်းကျ စူးစမ်းလေ့လာ၍ ရရှိလာသော အခြေခံသိပ္ပံ အသိပညာများ နှင့် ကျွမ်းကျင်မှုများကို လက်တွေ့ဘဝနှင့် ဆက်စပ် အသုံးချနိုင်ရန် ။

(စ)မိမိနိုင်ငံ၏ ပထဝီဝင်ဆိုင်ရာ အချက်အလက် ၊ အနေအထား နှင့် သမိုင်းဆိုင်ရာ အဖြစ်အပျက်များကို သိရှိနားလည်ပြီး မိမိနိုင်ငံ အပေါ် မြတ်နိုးတန်ဖိုး ထားတတ်ရန် ။

(ဆ)နိုင်ငံသားကောင်းတစ်ယောက်တွင် ရှိရမည့် အခြေခံ စရိုက်လက္ခဏာများ ဖြစ်ထွန်းစေသည့် အသိပညာ ၊ ကျွမ်းကျင်မှု ၊ သဘောထား ၊ အနုပညာ ရသ ခံစားတတ်မှု နှင့် အပြုအမူများ ဖွံ့ဖြိုးစေရန် ။

(ဇ)ကာယ လှုပ်ရှားမှုများတွင်ဆောင်ရွက်ခြင်း ၊ ကျန်းမာရေးနှင့် ဆက်စပ်သော ဗဟုသုတ ၊ သဘောထားများကို နေ့စဉ် လူမှုဘဝတွင် ကျင့်သုံးခြင်းအားဖြင့် ကျန်းမာသန်စွမ်းသော စိတ် နှင့် ခန္ဓာကို ပြုစုပျိုးထောင်တတ်စေရန် ။

မူလတန်း သင်ရိုးညွှန်းတမ်း နယ်ပယ်

မူလတန်း သင်ရိုးညွှန်းတမ်းတွင် သင်ယူမှု နယ်ပယ် (၁၀)ခု ပါဝင်ပါသည် ။ ယင်း သင်ယူမှု နယ်ပယ် (၁၀)ခု မှာ

  1. မြန်မာစာ
  2. အင်္ဂလိပ်စာ
  3. သင်္ချာ
  4. သိပ္ပံ
  5. လူမှုရေး
  6. ဘဝတွက်တာ
  7. စာရိတ္တ နှင့် ပြည်သူ့နီတိ
  8. ကာယ
  9. ဂီတ
  10. ပန်းချီ ဟူ၍ ဖြစ်ပါသည် ။

သင်ကြားသင်ယူမှု ချဉ်းကပ်နည်းများ

ကလေးများကို ထိရောက်သော သင်ကြားသင်ယူမှု ဖြစ်ပေါ်စေရန် ကလေးဗဟိုပြု ချဉ်းကပ်နည်း အပြင် အခြားထိရောက်သော  သင်ကြားနည်းများဖြင့်လည်း ချဉ်းကပ် သင်ကြားသင်ယူမှုများ ပြုလုပ်လျှက်ရှိပါသည် ။ သင်ကြား သင်ယူမှုများ ပြုလုပ်ရာတွင် အောက်ပါ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည် ။

(က)သင်ယူမှုဖြစ်စေရန် အထောက်အပံ့ပေးသည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်း

(ခ)ပြန်လည်စဉ်းစား သုံးသပ်စဉ်းစားတွေးခေါ်မှုမျိုး လုပ်ဆောင်ရန်အားပေးခြင်း

(ဂ)သင်ယူမှု အသစ်ကို လိုအပ်ချက်များ နှင့် အညီ ဆီလျော်မှု ရှိစေရန် စီစဉ် ဖန်တီးပေးခြင်း

(ဃ)မျှဝေသင်ယူမှု ဖြစ်စေရန် ပံ့ပိုးပေးခြင်း

(င)သင်ယူမှု အတွေ့ အကြုံများကို အခြေခံ၍ ဆက်စပ်လေ့လာ သင်ယူစေခြင်း

(စ)လုံလောက်သော သင်ယူမှု အခွင့် အလမ်း ဖန်တီးပေးခြင်း

ကလေးဗဟိုပြုချဉ်းကပ်နည်း

ကလေးဗဟိုပြု ချဉ်းကပ်နည်း ဟူသည် ကလေးတစ်ဦး ချင်းစီ၏ အသက်အရွယ် ၊ ရင့်ကျက်မှု အနေအထား ၊နောက်ခံ အခြေအနေ ၊ အတွေ့အကြုံ  နှင့် စိတ်ဝင်စားမှုတို့ကို အလေးထားကာ ကလေးအတွက် အကောင်းဆုံး ဖြစ်စေမည့် အကြောင်းအရာများ ၊ သင်ယူမှုနည်းလမ်းများ ၊ သင်ယူရာတွင်အသုံးပြုသည့် ပစ္စည်းများ ၊ သင်ယူရမည့် ပတ်ဝန်းကျင်တို့ကို လိုက်လျောညီစွာ စီစဉ်ပြီး သင်ယူရသည့် နည်းလမ်းဖြစ်ပါသည် ။ သင်ယူမှုများ ဖြစ်ထွန်းစေရန် ဆရာများက ထိရောက်သော နည်းလမ်းများကို အသုံးပြု၍ အပြုသဘောဆောင်သော ဆရာကျောင်းသား ဆက်ဆံရေးဖြင့် ပံ့ပိုးဖော်ဆောင်သော သင်ကြားသင်ယူမှု ဖြစ်စဉ်ဖြစ်သည် ။ ကလေးများကို ပျောရွှင်ပြည့်ဝပြီး လူမှုပတ်ဝန်းကျင်တွင် အကျိုးပြုသူများ ဖြစ်လာစေရန် လိုအပ်သော ပညာရပ်ကျွမ်းကျင်မှု ၊ တန်ဖိုးထားမှု ၊ စိတ်နေသဘောထား ၊ အပြုအမူများ အပေါ် အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်သည် ။ ကလေးဗဟိုပြု ချဉ်းကပ်နည်း များကို အသုံးပြုရာတွင် အောက်ဖော်ပြပါ သင်ယူမှုဆိုင်ရာ သဘောတရားများကို ထည့်သွင်းထားပါသည် ။

  1. တက်ကြွစွာ သင်ယူခြင်း
  2. ပူးပေါင်းညှိယူ သင်ယူခြင်း

စစ်ဆေးအကဲဖြတ်ခြင်း

စစ်ဆေးအကဲဖြတ်ခြင်း ဆိုသည်မှာ ကျောင်းသားများ၏ တတ်ကျွမ်းမှု အမျိုးမျိုး (အသိပညာ ၊ ကျွမ်းကျင်မှု ၊ စိတ်နေသဘောထား နှင့် မိမိ၏သင်ယူမှုကို စဉ်းစားဆင်ခြင်နိုင်သည့် တတ်ကျွမ်းမှုများကို )ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျောင်းသားများ၏ ပညာရည်တိုးတက်မှု ၊ သင်ယူ တတ်မြောက်မှုဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း ၊ မှတ်တမ်းပြုစုခြင်း နှင့် သက်ဆိုင်ရာ မိဘများကို အချက်အလက်ပေးပို့ခြင်းဖြစ်စဉ် ဖြစ်ပါသည် ။ ကျောင်းသားများကို စစ်ဆေးအကဲဖြတ်ရာတွင် သင်ခန်းစာ မသင်ယူမီ တွင် သင်ခန်းစာနှင့် ပတ်သတ်၍ အခြေခံ ဗဟုသုတ အသိပညာ မည်မျှ ရှိသည်ကို စစ်ဆေး အကဲဖြတ်ခြင်း(မသင်ယူမီ စစ်ဆေးအကဲဖြတ်ခြင်း ) ၊ သင်ခန်းစာ သင်ယူနေစဉ်တွင် ကျောင်းသာ များ လိုက်ပါဆောင်ရွက်မှု ၊ သင်ခန်းစာ ရရှိမှု ၊ တိုးတက်မှု အခြေအနေ များကို မေးခွန်းများ မေးမြန်း၍ သော်လည်းကောင်း ၊ လုပ်ငန်းပေး၍သော်လည်းကောင်း၊ လက်တွေ့ သော်လည်းကောင်း စစ်ဆေး အကဲဖြတ်ခြင်း (သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း)နှင့် သင်ခန်းစာ သင်ကြားပြီးချိန်တွင် သင်ကြားလိုက်သော သင်ခန်းစာ နှင့် ပတ်သတ်၍ မည်မျှ နားလည်သည် ၊ မှတ်မိသည် ၊ အသုံးချနိုင်သည် ၊ စဉ်းစားတွေးခေါ်နိုင်သည် ၊ တီထွင်ဆန်းသစ်နိုင်သည် ကို စစ်ဆေးအကဲဖြတ်ခြင်း (သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း ) ဟူ၍ စစ်ဆေး အကဲဖြတ်ပါသည် ။ ထို စစ်ဆေး အကဲဖြတ်ခြင်းများကို  မှတ်တမ်းများအဖြင့် ယူထားပြီး မိဘ များကို လစဉ် school software မှ တဆင့် သတင်းပေးပို့လျှက်ရှိပါသည် ။