မျက်စိကင်ဆာဟာ တခြားကင်ဆာအမျိုးအစားတွေနဲ့ ယှဉ်လိုက်ရင် အဖြစ်နည်းတဲ့ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ မျက်စိကင်ဆာမှာ ကင်ဆာဖြစ်တဲ့မျက်လုံးနေရာပေါ်မူတည်ပြီး Uveal Melanoma, Retinoblastoma, intraocular lymphoma စသဖြင့် မျိုးကွဲတွေအများကြီးရှိပါတယ်။

အဲ့ထဲကမှ အခုဆောင်းပါးမှာ Retinoblastoma အမျိုးအစားမျက်စိကင်ဆာအကြောင်းတင်ပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ Retinoblastoma မျက်စိကင်ဆာဟာ အခုနောက်ပိုင်း ကျွန်တော်တို့မြန်မာနိုင်ငံက ကလေးတွေမှာ ဖြစ်ပွားမှုနှုန်းများလာလို့ပါ။

Retinoblastoma အမျိုးအစားမျက်စိကင်ဆာဟာ မျက်စိရဲ့ Retina အလွှာမှာဖြစ်တဲ့ကင်ဆာဖြစ်ပါတယ်။ Retina အလွှာဟာ အပြင်ကနေ မျက်စိထဲဝင်လာတဲ့ အလင်းကိုအာရုံခံပြီး optic nerve ကနေတဆင့် ဦးနှောက်ဆီကိုသတင်းပို့ပေးကာ ပုံရိပ်ဖော်ပေးတဲ့အလွှာပါ။

Retinoblastoma မျက်စိကင်ဆာဟာ အများအားဖြင့် အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာဖြစ်ပွားလေ့ရှိပြီး အသက်နှစ်နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ မျက်စိတဖက်တည်းမှာ ဖြစ်တာရှိသလို မျက်စိနှစ်ဖက်လုံးဖြစ်တာလည်း ရှိပါတယ်။ လူကြီးတွေမှာလည်း Retinoblastoma အမျိုးအစားမျက်စိကင်ဆာဖြစ်နိုင်ခြေရှိပေမယ့် ဖြစ်တာအရမ်းရှားပါတယ်။

သုတေသနတွေအရ နှစ်စဉ် ကမ္ဘာတဝှမ်းက ကလေး ၇၀၀၀ မှ ၉၀၀၀ ခန့်ဟာ Retinoblastoma မျက်စိကင်ဆာဝေဒနာ ဖြစ်ပွားနေကြောင်းသိရပါတယ်။

Retinoblastoma မျက်စိကင်ဆာဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ မျိုးရိုးဗီဇကြောင့်ပါ။သန္ဓေစတည်ကတည်းက ကင်ဆာဖြစ်မယ့်ဗီဇ (Gene) ပါလာတာကြောင့်လည်း ဖြစ်နိုင်သလို မွေးပြီးနောက်မကြာခင်မှာမှ မျိုးရိုးဗီဇဖောက်ပြန်မှုဖြစ်တာလည်း ရှိပါတယ်။

သန္ဓေစတည်ကတည်းက ကင်ဆာဖြစ်မယ့်ဗီဇ (Gene) ပါလာတာကြောင့်ဖြစ်တဲ့ Retinoblastoma မျက်စိကင်ဆာကို Heritable retinoblastoma လို့ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ ကလေးအသက်တနှစ်မပြည့်ခင်မှာကို စတင်ဖြစ်ပွားတတ်ကာ မျက်စိနှစ်ဖက်လုံးမှာဖြစ်လေ့ရှိပါတယ်။ မွေးပြီးနောက်မကြာခင်မှာမှ မျိုးရိုးဗီဇဖောက်ပြန်မှုဖြစ်တဲ့ Retinoblastoma မျက်စိကင်ဆာကို Sporadic retinoblastoma လို့ခေါ်ပါတယ်။

ဒီအမျိုးအစားကတော့ ကလေးအသက်တနှစ်ကျော်လောက်မှာမှ ဖြစ်လေ့ရှိကာ မျက်လုံးတဖက်တည်းမှာပဲ ဖြစ်လေ့ရှိပါတယ်။

Retinoblastoma မျက်စိကင်ဆာရဲ့လက္ခဏာတွေအနေနဲ့ကတော့ မျက်ဆံနေရာမှာ တိမ်ကဲ့သို့အဖြူစက်၊ အဖြူကွက်ဖြစ်တာ၊ မျက်လုံးအောင့်တာ၊ အမြင်ဝေဝါးတာ၊ မျက်စိစွေစောင်းတာ တွေဖြစ်ပါတယ်။

သင့်ကလေးမှာ ဒီလိုလက္ခဏာတွေတွေ့ပြီဆိုရင် ကလေးမျက်စိဆရာဝန်နဲ့ ပြသစမ်းသပ်ပြီး Retinoblastoma မျက်စိကင်ဆာဟုတ်မဟုတ် စစ်ဆေးကြည့်ဖို့လိုပါတယ်။

လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ မျက်စိကို အာထရာဆောင်းရိုက်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ၊ ကွန်ပျူတာဓါတ်မှန်ရိုက်တာ၊ သွေးစစ်တာ စသဖြင့်ပါ။ ဒီလိုတွေ စမ်းသပ်စစ်ဆေးကြည့်လို့ မျက်စိကင်ဆာရှိနေပြီဆိုရင် အမြန်ဆုံးကုသဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မျက်လုံးကင်ဆာဟာ မျက်လုံးကနေ တခြားနေရာများသို့ပျံ့နှံခြင်းမရှိသေးချိန်မှာ ကုသပါက ပျောက်ကင်းနိုင်ခြေဟာ ၉၀ရာခိုင်နှုန်းရှိပါတယ်။

အချိန်ဆွဲပြီး မကုသဘဲထားပါက မျက်စိကင်ဆာဟာ မျက်စိအပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီပါ ပျံ့နိုင်ပါတယ်။ အဲ့အခါကျ ပျောက်ကင်းနိုင်ခြေနည်းပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး Chemotherpy ခေါ်ကင်ဆာဆေးသွင်းကုသတာ၊ Cryotherapy ခေါ် ကင်ဆာဆဲလ်တွေကို အေးခဲပျက်စီးစေနဲ့နည်းနဲ့ ကုသတာ၊ Radiotherapy ခေါ် ဓါတ်ရောင်ခြည်ကုထုံးနဲ့ကုသတာ၊ Laser therapy ခေါ် လေဆာပစ်ကုသတာစသဖြင့်ရှိပါတယ်။

အရမ်းဆိုးတဲ့ အခြေအနေဆိုရင်တော့ ခွဲစိတ်ကုသနည်းကိုသုံးပြီးဖြစ်တဲ့ မျက်စိတခုလုံးကိုထုတ်ရတာမျိုးလည်းလုပ်ရနိုင်ပါတယ်။