ကျောင်းကိုရောက်လာတဲ့ ကလေးတွေဟာ စိတ်အနေအထားအမျိုးမျိုးနဲ့ ရောက်လာကြပါတယ်။ ကလေးများကို ကျောင်းလာပို့တဲ့ အခါမှာဖြစ်စေ၊ ပြန်ကြိုတဲ့ အခါမှာ ဖြစ်စေ မိဘများအနေနှင့် မိမိတို့ကလေးများနှင့်အတူ အချိန်အနည်းငယ်ခန့်သက်တောင့်သက်သာ နေပေးသင့်ပါသည်။ ဒီလိုစောင့်ပေးနေတဲ့ အချိန်မှာ ဆိုလျှင် ဆရာမများနှင့် စကားပြောခြင်း ၊ ကလေးနဲ့အတူ ကစားခြင်းတို့ ပြုလုပ်ပေးခြင်းဖြင့်၊ အိမ်ကနေကျောင်း အကူးအပြောင်းဟာ ကလေးများအတွက် စိတ်သက်သာမှုရစေပါတယ်။
ကလေးစိတ်သက်သာမှု ရတဲ့အချိန်မှာ ကျောင်းဆင်းလျှင်လာကြိုပါမည် ဆိုတာ သေချာပြောပြပေးပါ ၊ နှုတ်ဆက်အနမ်းလေးပေးပြီး မြန်မြန်လေးပြန်ထွက်ရန်တော့လိုပါသည် ။ ကျောင်းကိုခဏလောက်ဝင်လိုက် ထွက်လိုက် လုပ်တာဟာ ၊ ကလေးများအတွက် စိတ်ပူပင်သောက ပိုရောက်စေတတ်ပါတယ်။ ကျောင်းမှာ အချိန်တွေအကြာကြီး လာနေရင်လည်း ကလေးက မိဘကိုသာ တွယ်နေတာမျိုး ဖြစ်လာစေတတ်သဖြင့် ကလေးအတွက်ရော ၊ မိဘ အုပ်ထိန်းသူတွေအတွက်ပါ ပိုပြီး စိတ်သောကရောက်ရပါမည်။
မိဘများ၊ အုပ်ထိန်းသူများအနေနှင့် ကလေးကိုလိုက်ပို့တဲ့ အချိန်တွင် ကလေးကိုအသာလေးဖက်ရင်း (ကျောင်းမှာ ရှိတဲ့ ဆရာ / မ များက ကလေးကျောင်းလာတဲ့အတွက် သိပ်ဝမ်းသာကြောင်း ၊ချစ်ကြကြောင်း၊ သူငယ်ချင်းများကလည်းစောင့်နေမှာဖြစ်ကြောင်း) ပြောပြပေးခြင်းဖြင့် လုပ်ဆောင်ပေးလို့ရပါတယ်။
အိမ်မှကျောင်းပို့တဲ့အချိန်မှာလဲ ကလေးစိတ်သက်သာမှုရစေရန် အိမ်မှ ကလေးနှစ်သက်တဲ့ ကစားစရာ တစ်ခုခုကို ကျောင်းသို့ယူလာပါစေ သို့မဟုတ် ကလေးရဲ့စိတ်ထဲမှာ မိမိနှင့် အိမ်ဆက်စပ်နေတယ်လို့ ခံစားမှုဖြစ်စေတဲ့ပစ္စည်းတစ်ခုခု ၊ မိမိနှင့် မိဘဆက်စပ်နေတယ်လို့ ခံစားမှုဖြစ်စေတဲ့ ပစ္စည်းလေးတစ်ခုခု မျိုးကို ကျောင်းသို့ ယူသွားစေမည်ဆိုလျှင် ကလေးများ၏မိဘနဲ့ခွဲခွာရလို့ဖြစ်ပေါ်လာတဲ့စိတ်ပူပင်သောကရောက်မှုတွေ ကို သက်သာစေနိုင်ပါသည်။
မိဘများ မိမိတို့ ပြန်ချိန်ရောက်လျှင် အခုအချိန်ဟာ မိဘများ အလုပ်သွားရမည့် အချိန်ရောက်ပြီ၊ ကလေးလည်ကျောင်းတက်ကစားရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း ကျောင်းဆင်းလျှင် ဖေဖေက ၊ မေမေက ၊ ဘိုးဘိုးက ၊ဘွားဘွားက အစရှိသဖြင့် လာကြိုမည်ဖြစ်ကြောင်း ပြောပြနှုတ်ဆက်ပေးပါ ၊ ထိုချိန်မှာ ဆရာ / မ များဘက်မှလည်း ကလေးနှင့်အတူ မိဘ ၊ အုပ်ထိန်းသူ များအား နှုတ်ဆက်ပေးခြင်းဖြင့် ကျောင်းတက်ချိန် တစ်နေ့တာကို သာယာစွာအစပြုပြီး လုပ်ဆောင်လို့ရပါသည် ။
ထို့ကြောင့်ကလေးများ၏ တစ်နေ့တာ သာယာပျော်ရွှင်စေရန် ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့အတွက် ဖော်ပြလိုက်ရပါသည်။