မိုးရာသီချိန်ခါနဲ့ ဆောင်းအကုန်နွေအကူးကာလတွေဟာ ကလေးငယ်တွေ ဖျားနာမှုအဖြစ်အများဆုံးအချိန်တွေပဲဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ကလေးတွေဟာ နှစ်ခါ၊သုံးခါခန့် ဖျားနာတဲ့အထိဖြစ်တတ်ကြပါတယ်။ အကယ်၍ ဒီ့ထက်များလာပြီဆိုရင်တော့ ကလေးငယ်မှာရှိသင့်တဲ့ ကိုယ်ခံအားရှိရဲ့လားဆိုတာရယ်၊ ကလေးရဲ့ပတ်ဝန်းကျင်ဟာ သဟဇာတမဖြစ်ဘဲ ကာလံ၊ဒေသံ၊ပယောဂံ မညီမျှမှုတွေများရှိနေမလားဆိုတာ စဉ်းစားရတော့မှာပါ။ ဒါကြောင့် ကလေးငယ်များ ခဏခဏဖျားနာရစေတဲ့အကြောင်းရင်းများကို တင်ပြလိုက်ပါတယ်။
၁။ အာဟာရမမျှတခြင်း
အာဟာရချို့တဲ့နေရှာတဲ့ ကလေးငယ်တွေဟာ လုံလောက်တဲ့ ကိုယ်ခံအားစံနစ်မရှိတဲ့အတွက် သာမန်ဖျားနာခြင်းကိုတောင် ပျောက်ကင်းဖို့အချိန်ကြာတတ်ပါတယ်။ ဒါ့အပြင် ရောဂါပိုးတစ်ခါဝင်ပြီးတိုင်းမှာ အားပိုနည်းသွားတာကြောင့် နောက်တခါဝင်ဖို့လွယ်ကူပြီး ခဏခဏ ဖျားနာတတ်ကြပါတယ်။
၂။ နာတာရှည်ရောဂါရှင် ကလေးငယ်တွေ
မွေးရာပါရောဂါအချို့ဟာ ကလေးရဲကြီးထွားဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေပါတယ်။ ဥပမာ မွေးရာပါနှလုံးမှာအပေါက်ပိုပါနေတဲ့ ကလေးတွေဟာ ခဏခဏ ဖျားနာတတ်ပြီး ကြီးထွားမှုလည်းနှေးကွေးစေပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါရှင်ကလေးငယ်များ၊ သွေးရောဂါ၊ သူငယ်နာရောဂါအစရှိတဲ့ နာတာရှည်ရောဂါများဟာလည်း မကြာခဏ ဖျားနာစေတတ်တဲ့အျကြာင်းရင်းတွေဖြစ်ပါတယ်။
၃။ ကလေးငယ်ရဲ့ပတ်ဝန်းကျင်နဲ့နေထိုင်မှု
ရာသီဥတုအလိုက်အဖြစ်များတဲ့ရောဂါတွေဟာ များသောအားဖြင့် ကလေးငယ်ရဲ့နေထိုင်ပုံစံနစ်မှာ လိုအပ်ချက်ရှိတဲ့အတွက် ဖြစ်ပွားကြတာများပါတယ်။ အကယ်၍မိုးရာသီမှာ မိုးဖွဲဖွဲထဲ အဆောင်းမပါဘဲ သွားလာမိတာ၊ ဆောင်းရာသီမှာ လေတိုက်ထဲမှာကြာကြာဆော့မိတာ၊ ညအိပ်တဲ့အခါ လုံလုံခြုံခြုံမအိပ်မိတဲ့အခါ ဂရုမစိုက်မိတိုင်းမှာ ဖျားနာနိုင်ပါတယ်။
၄။ အစားအသောက်မှားခြင်း
အထူးသဖြင့် ဆောင်းရာသီကာလဟာ ဗိုင်းရပ်စ်ပိုးများပေါက်ပွားမှု အားကောင်းတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါများ အလွန်အဖြစ်များပါတယ်။ ဒီအချိန်မှာ လမ်းဘေးစာတွေ စားမိရင် အခန့်မသင့်တဲ့အခါ ဝမ်းလျှောနိုင်ပါတယ်။ ရေခဲချောင်း၊ အချိုရည်များဟာလည်း အာသီးရောင်ရမ်းပြီး ဖျားနာချောင်းဆိုးစေနိုင်တာကိုသတိပြုရပါမယ်။
၅။ မိသားစုဝင်ရောဂါရှင်များ
ကလေးငယ်ရဲ့ကိုယ်ခံအားစနစ်ဟာ အတော်အသင့်ရှိနေပေမယ့် မိသားစုဝင်ထဲမှာ တီဘီဆေးသောက်သုံးမနေသော တီဘီရောဂါသည်ရှိနေခြင်း၊ သံကောင်တုတ်ကောင်ရောဂါရှိနေသူများ၊ ဆေးလိပ်အလွန်အကျွံသောက်သူများ အစရှိတဲ့ ဘေးပယောဂများရှိနေရင်လည်း မကြာခဏ နေမကောင်းဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် သတိပြုဆင်ခြင်ဖွယ်များကို ဂရုစိုက်ရှောင်ရှားပြီး ကျန်းမာသောကလေးငယ်ဘဝကိုတည်ဆောက်ပေးနိုင်ကြစေဖို့ရာ တင်ပြလိုက်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ