ဒီတပတ်မှာတော့ စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာတွေထဲကမှ ကလေးတွေမှာ အဖြစ်များတဲ့ အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါအကြောင်းရေးသားတင်ပြချင်ပါတယ်။

အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေထဲက အမျိုးအစားတခုဖြစ်ပါတယ်။

ဆေးပညာအရတော့ Attention Deficit Hyperactivity Disorder (ADHD) လို့ခေါ်ပါတယ်။

အသက်အရွယ်မရွေးဖြစ်ပွားနိုင်ခြေရှိပြီး ကလေးတွေ၊ဆယ်ကျော်သက်တွေမှာ အဖြစ်များလေ့ရှိပါတယ်။

ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုဖြစ်နိုင်ခြေများပါတယ်။

တချို့ကလေးတွေအနေနဲ့တော့ အသက်ကြီးလာရင်ပျောက်သွားတာမျိုးရှိပေမယ့် အများအားဖြင့်တော့ အသက်ကြီးတဲ့ထိလည်းရောဂါဆက်ပါသွားတာမျိုးကများပါတယ်။

ADHD ဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းတိတိကျကျတော့ ရှာမရသေးပါ။

သုတေသနပညာရှင်တွေကတော့ ဦးနှောက်အတွင်းရှိဓါတ်ပစ္စည်းတွေမျှတမှုမရှိတာ၊ မျိုးရိုးလိုက်တာ၊ မိခင်ကကိုယ်ဝန်ဆောင်စဉ်မှာအရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတွေသုံးတာ၊ ငယ်စဉ်ကလေးဘဝကခဲဆိပ်သင့်ခဲ့တာ၊ ဦးနှောက်ထိခိုက်ဒဏ်ရာရတာ စတဲ့အချက်တွေကြောင့်ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

ADHD ရှိတဲ့ကလေးငယ်တွေဟာ သူတို့ရဲ့အတွေးထဲမှာပေါ်လာတာတွေကို သင့်၏။ မသင့်၏။ စဉ်းစားတွေးခေါ်ဆင်ခြင်နိုင်ခြင်းမရှိဘဲ စိတ်ကူးပေါက်သလိုပြုမူလုပ်ဆောင်တတ်တာ၊ ကိစ္စတခုမှာ အာရုံစူးစိုက်နိုင်မှုမရှိတာ၊ အပြုအမူတွေဟာ အတက်ကြွလွန်တဲ့ပုံစံမျိုးဖြစ်နေတာမျိုးတွေကြောင့် ကျောင်းမှာသူငယ်ချင်းတွေ၊ ဆရာဆရာမတွေနဲ့ဆက်ဆံရေး၊ အိမ်မှာ မိသားစုနဲ့ဆက်ဆံရေးတွေမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။

ADHD ရှိတဲ့လူကြီးတွေဟာဆိုရင်လည်း အလုပ်နဲ့အချိန်ကိုစီမံခန့်ခွဲရာမှာ၊ လူမှုရေးနဲ့ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲပြသာနာတွေဖြစ်လာနိုင်ပါတယ်။

ADHD ရှိတဲ့ ကလေးငယ်ဟာကျောင်းစာသင်ချိန်မှာ အာရုံမစိုက်နိုင်တာ၊ စာသင်နေချိန်မှာအငြိမ်မနေနိုင်ဘဲ ဟိုဘက်ရွေ့ဒီဘက်ရွေ့တာ၊ ခြေထောက်ကိုအပေါ်တင်လိုက်အောက်ချလိုက်လုပ်တာ၊ ခုံကိုလက်နဲ့ခေါက်နေတာ၊ ကျောင်းကပေးတဲ့သင်ခန်းစာ၊ အိမ်စာတွေကိုလိုက်မလုပ်နိုင်တာ၊ ပေါ့ဆမိရာမှဖြစ်တဲ့အမှားမျိုးတွေမကြာခဏလုပ်တာ၊ အစာစားချိန်၊ အိမ်သာတက်ချိန်မှာတောင်အငြိမ်မနေဘဲတခုခုလုပ်နေတာ၊ မိမိအလှည့်ရောက်အောင်တန်းစီတာ၊ စောင့်ဆိုင်းရတာမျိုးတွေလုပ်ရတဲ့အခါ မလုပ်နိုင်တာကြောင့် စိတ်ထဲရှိတဲ့အတိုင်း တွေးတောမဆင်ခြင်ဘဲ အလှည့်ကျော်တာတွေလုပ်တဲ့အတွက် တခြားကလေးတွေနဲ့ပြသာနာခဏခဏဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။

အကြမ်းအားဖြင့်လည်း သာမန်ကလေးငယ်တချို့မှာ ဖော်ပြပါမျိုးတွေရှိတတ်သော်လည်း မိဘဆရာများကအကျိုးကြောင်းသေချာပြောဆိုဆုံးမရင်ဖြစ်ဖြစ် အသက်အရွယ်နည်းနည်းရလာတဲ့အခါဖြစ်ဖြစ် ထိုအမူအကျင့်တွေက ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် ADHD ရှိတဲ့ကလေးတွေကတော့ အသက်အရွယ်ရလာသော်လည်း၊ မိဘဆရာကအကျိုးအကြောင်းသေချာဆုံးမပြောဆိုသော်လည်း ထိုအမူအကျင့်တွေက ပျောက်သွားလေ့မရှိတတ်ပါ။

အထူးသဖြင့် အသက်အရွယ်အလိုက် စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ မိမိစိတ်ထဲပေါ်လာတဲ့အတိုင်း ရှေ့နောက်မဆင်ခြင်ဘဲ လုပ်တတ်တာကြောင့် မိမိပတ်ဝန်းကျင်က သူတွေနဲ့ လူမှုရေး၊ ဆက်ဆံရေးတွေမှာ အဆင်မပြေတာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိကလေးမှာ အထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ADHD (အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါ) ခံစားနေရာတာဟုတ်မဟုတ် သေချာအောင် စိတ်ဆရာဝန်နဲ့ ပြသစမ်းသပ်ကြည့်ဖို့လိုပါတယ်။

ADHD နဲ့လက္ခဏာဆင်တူတဲ့ တခြားစိတ်ရောဂါ အမျိုးအစားတွေလည်း ရှိတတ်လို့ပါ။

စိတ်ဆရာဝန်နဲ့စမ်းသပ်ကြည့်လို့ ADHD ရောဂါရှိနေတယ်ဆိုရင်တော့ စောစီးစွာကုသမှုခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ မကုဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်မပြေတာတွေများလာပြီး အပယ်ခံဘဝရောက်သွားကာ အရက်၊ မူးယစ်ဆေးစွဲတာ၊ မိမိကိုယ်ကိုယုံကြည်တန်ဖိုးထားမှုလျော့လာတာ၊ စိတ်ဓါတ်ကျတာ၊ တခြားစိတ်ပိုင်းဆိုင်ရာရောဂါတွေပါခံစားရတာ စတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒီလိုကုသရာမှာ ဆေးဝါးသောက်တာအပြင် စိတ်ပညာရှင်နဲ့ပြသဆွေးနွေးတာ၊ လူမှုဆက်ဆံရေးပညာရှင်နဲ့ပြသဆွေးနွေးတာမျိုးတွေပါလုပ်ဖို့လိုပါတယ်။

ဒါ့အပြင် မိဘ၊ ဆရာတွေအနေနဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ မိဘဆရာတွေအနေနဲ့ ADHD ရောဂါခံစားနေရတဲ့ကလေးကို ဒေါသထွက်တာ၊ စိတ်ပျက်တာ၊ အော်ငေါက်တာ တွေမလုပ်ဘဲနဲ့ စိတ်ရှည်စွာဖြင့် ဝိုင်းဝန်းကူညီစောင့်ရှောက်ဖို့လိုပါတယ်။