မိသားစု လက်ဆုံစားရတဲ့ ထမင်းဝိုင်းလေးက ပျော်စရာကောင်းလှပါတယ်။ ကလေးတွေကို ကလေးပဲ သူ့ဘာသာသူ ဇလုံနဲ့ထည့်ပေးပြီး တစ်နေရာမှာ စားပလေ့စေ ဆိုပြီးတော့ စားခိုင်းတာ ထက် ကိုယ်နဲ့အတူတူ ထမင်းဝိုင်းမှာ တစ်ခါတည်း ဝင်စားခိုင်းက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ထမင်းဝိုင်းမှာ ကလေးကို ထမင်းစားပွဲရဲ့ ယဉ်ကျေးဖွယ်များကို စားရင်းသောက်ရင်းနဲ့ တစ်ခါတည်း သင်ကြားပေးခွင့်ရလို့ပါပဲ။ ထမင်းစားတိုင်းစားတိုင်းမှာပဲ ကလေးတို့ကို သင်ကြားပေးဖို့ အခွင့်အရေးတွေရ နေတာကိုး။
စားတာသောက်တာ ယဉ်ကျေးသိမ်မွေ့ဖို့ဆိုတာလည်း လူမှုအသိုင်းအဝိုင်းထဲဝင်မယ့် လူကလေးများအတွက် အရေးကြီးတဲ့ အရာပါပဲ။ကိုယ်နဲ့ ထမင်းအတူတူစားနေတဲ့ လူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့၊ စိတ်ပျက်မသွားဖို့အတွက် လူတစ်ယောက်အနေနဲ့ စောင့်စည်း ကျင့်ကြံရမယ့် ထမင်းဝိုင်းစည်းမျဉ်းတွေက လူမျိုးတိုင်းမှာရှိပါတယ်။
ကျွန်မတို့လို လက်နဲ့ ထမင်းစားတတ်တဲ့ မြန်မာလူမျိုးတွေဆိုရင် လက်ခုံပေါ်ထိ ထမင်းတွေဟင်းတွေပေပွနေအောင် မစားဖို့၊ သေသပ်စွာ စားတတ်ဖို့ ကလေးတို့ကို သင်ကြားပေးကြရပါမယ်။ဟင်းကို လူကြီးတွေပန်းကန်ထဲ အရင်ဦးချဖို့လည်း တစ်ခါတည်းသင်ကြားပေးရပါမယ်။ ကိုယ့်ရှေ့မှာ ဟင်းပန်းကန်ရှိနေရင် ကိုယ်ချည်းပဲ ဟင်းကို ခပ်မစားပဲ ဝေးတဲ့သူတွေကို ဟင်းပန်းကန် လှမ်းပေးဖို့လည်းသင်ကြားပေးရပါမယ်။ ကိုယ်စားနေတဲ့ ပါးစပ်ထဲက ထမင်းကို တခြားလူတွေ မမြင်အောင် ပါးစပ်ကို စေ့ပြီးတော့ အစာဝါးစားဖို့နဲ့ ထမင်းလုတ်ကြီး ပါးစပ်ထဲရှိနေချိန်မှာ စကားမပြောဖို့ ဆိုတာတွေက ထမင်းအတူတူ စားရင်းသောက်ရင်းနဲ့ ကလေးတို့ကို သင်ကြားပေးရမယ့် ယဉ်ကျေးဖွယ်ရာ အပြုအမူတွေပါပဲ။
နောက်တခုကတော့ ကျွန်မတို့လူမျိုးများမှာ အင်မတန်မှ အလေ့အထနည်းတဲ့ အကျင့်လေးပါ။ အနောက်တိုင်းမှာတော့ ကျင့်သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ သဘောကျတာမို့ ယဉ်ကျေးဖွယ်ရာများထဲမှာ ချန်မထားခဲ့ပဲ ထည့်တားပါတယ်။ အဲဒါ ဘာလဲဆိုတော့ စားသောက်ပြီးတိုင်းမှာ စားလို့ကောင်းတဲ့ကြောင်း ချီုးကျုး ကျေးဇူးတင်ပေးဖို့ပါပဲ။
‘မေမေချက်တဲ့ ချဉ်ပေါင်ဟင်းနဲ့ ဝက်သားပေါင်းက စားလို့သိပ်ကောင်းတာပဲ မေမေရယ်။ သားတို့ ဗိုက်ကိုတင်းသွားတာပဲ၊ ဟင်းကောင်းကောင်းလေးချက်ကျွေးလို့ မေမေ့ကို ကျေးဇူးတင်ပါတယ်။’ ဆိုတာမျိုးပြောဖို့ပါပဲ။
မီးဖိုချောင်ထဲမှာ ချွေးတလုံးလုံးနဲ့ ချက်ရသူ မေမေတို့ဟာ “ စားကောင်းလိုက်တာ မိန်းမရယ်၊ ကျေးဇူးတင်ပါတယ်ကွာ” ဆိုတဲ့ စကားမျိုးကို လင်ယောကျာ်းဆီက၊ ဒါမှမဟုတ် သားဆီက ၊ သမီးဆီက ကြားရတိုင်း ဘယ်လောက်ပင်ပန်းပင်ပန်း အမောပြေသွားတတ်ကြပါတယ်။ ဒါကြောင့် ဒါလေးကိုတော့ ကလေးတို့ ထမင်းစားပြီးတိုင်း၊ ပြီးတိုင်းမှာ ဟင်းချက်ရသူကို ပြောတတ်အောင်လို့ လူကြီးမိဘတိုင်းက သင်ကြားပေးဖို့လိုပါတယ်။