အခုတစ်လော ‘ကလေးပျောက်လို့’ ဆိုတဲ့အသံတွေကို မကြာခဏကြားနေရပါတယ်။ ကလေးတွေကိုရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဖြားယောင်းပြီးတစ်သွယ်၊ လိမ်လည်ပြီးတစ်မျိုး၊ ခြိမ်းခြောက်လို့တစ်ဖုံနဲ့ ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားတဲ့လူတွေရဲ့ရန်က တစ်ချိန်မဟုတ်တစ်ချိန် ကိုယ့်ကလေးဆီကို ရောက်လာလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေ မိဘတွေရင်ထဲမှာ ဖြစ်နေကြမှာပါပဲ။ အန္တရာယ်တွေမကျရောက်အောင် မိဘတွေကလည်း ကလေးတွေကို တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ အစွမ်းကုန်ဂရုစိုက် ကြပါတယ်။ ဒါပေမဲ့ မိဘတွေအနေနဲ့ ကလေးကိုအချိန်တိုင်း၊ အချိန်တိုင်း ကိုယ့်မျက်စိအောက်မှာ ထားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။
မိဘတွေရဲ့ မျက်ကွယ်ရာမှာ ကလေးတွေရဲ့ လုံခြုံမှုအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ထားကြမလဲဆိုတာ ကြိုပြီးစီစဉ်ထားသင့်ပါတယ်။ ပြင်ဆင်ထားနိုင်တာတွေက………
၁။ ကလေးရဲ့ကိုယ်ရေးမှတ်တမ်းကို အမြဲပြင်ဆင်ထားပါ
ကလေးပျောက်သွားတယ်ဆိုတာ သိလျှင်သိချင်း ချက်ချင်းလုပ်ရမှာက သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခြင်းပါပဲ။ မြန်လေကောင်းလေဖြစ်ပါတယ်။ အဲဒီလို အကြောင်းကြားတဲ့အခါမှာ အမြန်ဆုံးကစပြီး ရှာဖွေလို့ရအောင် ကလေးရဲ့ဓာတ်ပုံ၊ ပုံပန်သဏ္ဏာန်နဲ့ ထူးခြားချက်တွေကို ရေးထားတဲ့ ကိုယ်ရေးမှတ်တမ်းတစ်ခုကို အမြဲတမ်းအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။ အဲဒီမှတ်တမ်းမှာ ကလေးရဲ့ ဆေးကုသမှုမှတ်တမ်းက အချက်အလက်တွေပါ ပါဝင်ရင် ပိုကောင်းပါတယ်။ ဒီမှတ်တမ်းတွေကို ကလေးထိန်းပေးသူ မိဘနဲ့ဆွေမျိုးတွေရဲ့လက်ထဲမှာ အဆင်သင့်ဆောင်ထားပါ။ တစ်ခုခုဖြစ်လာရင် အဲဒီမှတ်တမ်းကိုယူပြီး အကြောင်းကြားပါ။ ကလေးရဲ့ဓာတ်ပုံပါတဲ့ ကတ်ပြားငယ်တစ်ခုကိုလည်း သွားလေရာ အမြဲသယ်သွားပါ။ ဓာတ်ပုံနဲ့ အချက်အလက်တွေကို တစ်နှစ်တစ်ခါအသစ်ပြန်လုပ်ပါ။
၂။ ကြုံတွေ့နိုင်ချေရှိသော လိမ်လည်မှုများကို ပြောပြထားပါ
ဖြားယောင်းခေါ်ဆောင်သူတွေ အများဆုံးသုံးတတ်တဲ့ လိမ်လည်နည်းတွေကို ကလေးကိုပြောပြထားပါ။ ကလေးတွေကို ခေါ်သွားဖို့ ကြိုးစားသူတွေက အရင်ဆုံးသူတို့ကို လက်ခံယုံကြည်လာအောင် လုပ်ပါလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အခါ ပြောတတ်ကြတဲ့စကားတွေက….
- မိဘတွေကခေါ်ခိုင်းလိုက်တာ
- ပျောက်နေတဲ့ခွေးလေးကို ကူပြီးရှာပေးပါ
- လမ်းမှားလာမိလို့ လမ်းမှန်ကိုပြောပြပါ
စသည်ဖြင့်ပြောတတ်ကြပြီး တစ်ခါတစ်ရံ ယူနီဖောင်းဝတ်တာဝန်ရှိသူတွေအဖြစ်နဲ့ ဟန်ဆောင်ပြီး ကလေးတွေကို ချဉ်းကပ်လာတတ်ပါတယ်။
၃။ ကလေးကိုငြင်းဆိုတတ်အောင်သင်ပေးထားပါ။
ကလေးကို ဘယ်လိုလူကမှ ကလေးက သဘာမတူရင် ထိကိုင်ခွင့်မရှိဘူးဆိုတဲ့အကြောင်း သင်ပြထားပါ။ ကလေး သဘောမကျရင် ဘယ်သူ့ကိုမဆို ‘မကြိုက်ဘူး၊မလုပ်နဲ့’ စတဲ့ ငြင်းဆိုတဲ့စကားပြောခွင့်ရှိတယ်ဆိုတာ ကလေးသိအောင် သင်ထားပါ။ ဆွေမျိုးတွေ၊ အသိမိတ်ဆွေတွေကိုပဲ ဖြစ်ပါစေ၊ သူမကြိုက်တာကို ‘မကြိုက်ဘူး’လို့ ငြင်းတတ်တဲ့ကလေးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ထားပါ။ များသောအားဖြင့် မိဘတွေက ကလေးကို လူကြီးတွေကို ရိုရိုသေသေဆက်ဆံရမယ်၊ ပြန်မပြောရဘူး စသည်ဖြင့် သင်ထားတတ်ပါတယ်။ ဒီလိုသင်ထားတဲ့အခါ ကလေးက သူ့စိတ်ထဲမှာ မကြိုက်တာရှိလည်း ‘မကြိုက်ဘူး’လို့ မပြောရဲအောင် ဖြစ်စေပါတယ်။ ဒါကြောင့် သာမန်အချိန်များမှာကတည်းက မကြိုက်တာကို ‘မကြိုက်ဘူး’လို့ ပြောတတ်တဲ့ကလေး ဖြစ်နေမှသာ တစ်စုံတစ်ယောက်က ကလေးကို တစ်ခုခုပြုမူလာရင်လည်း ငြိမ်ခံမနေဘဲ ငြင်းတဲ့စကား ပြောတတ်တဲ့ကလေးဖြစ်လိမ့်မယ်။
၄။ ကလေးအကြောင်းသိလွယ်အောင်မလုပ်ပါနဲ့
ကလေးရဲ့အမည်၊ ကျောင်းအမည်၊ အတန်းတွေကို ဖော်ပြထားတဲ့ ကတ်ပြားကို မြင်သာအောင်ချိတ်ဆွဲထားခြင်းမျိုး ရှောင်ရှားပါ။ လူစိမ်းက ကလေးကိုရင်းနှီးအောင် ဆက်ဆံလာဖို့ အခွင့်အရေးပေးထားသလို ဖြစ်စေပါတယ်။ ကလေးရဲ့ ထမင်းဘူး၊ ကျောင်းလွယ်အိတ်တွေမှာ နာမည်ရေးထိုးထားတာမျိုးလည်း မလုပ်ပါနဲ့။ လူကြီးတစ်ယောက်ယောက်က ကလေးနာမည်ကိုခေါ်ပြီး သိသလိုဟန်ဆောင်နိုင်ပါတယ်။ အဲဒီလိုအချိန်မှာ ကလေးက ‘ကျွန်တော်၊ ကျွန်မဦးလေးကို မသိပါဘူး’လို့ ငြင်းတတ်ရပါမယ်။ ငြင်းခွင့်ရှိတယ်လို့ သိရပါမယ်။
၅။ လူစိမ်းတွေနဲ့ဆက်ဆံတဲ့အခါ ဘယ်လိုပြုမူရမလဲဆိုတာသင်ထားပါ
လူစိမ်းတွေ အနားကိုချဉ်းကပ်လာတယ်လို့ထင်ရင် ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့ နည်းလေးမျိုးက………
- စကားမပြောနဲ့
- ပေးတာမယူရ၊ ကျွေးတာမစားရ
- ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်စေ ဘယ်ကိုမှလိုက်မသွားရ
- ခပ်ဝေးဝေးမှာနေပါ လို့သင်ထားပါ။
၆။ ကလေးအားလျှို့ဝှက်မထားတတ်အောင် သင်ကြားပေးပါ
မိသားစုဝင်ကြေးမှာ တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ထားရမယ့် အရာမရှိဘူးလို့ သင်ထားပါ။ လူစိမ်းတစ်ယောက်ယောက်က ကလေးကို သွေးဆောင်လှည့်ဖျားတဲ့ စကားတွေနဲ့ ရင်းနှီးအောင်လုပ်ပြီး ‘ဒီအကြောင်းကို မိဘတွေကို မပြောနဲ့ လျှို့ဝှက်ထားပါ’လို့ ပြောတတ်ကြပါတယ်။ အကြံအစည်တစ်ခုခုကြောင့် ရင်းနှီးအောင်လုပ်နေတာ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လျှို့ဝှက်ချက်မထားရဘူးလို့ မှာထားပါ။ ဒီလိုဆိုရင် ကလေးက အပြင်မှာဖြစ်ခဲ့တာတွေကို အိမ်ရောက်ရင် မိဘတွေကို လျှို့ဝှက်မထားတော့ဘဲ ပြန်ပြောလာမှာပါ။ တစ်ခါတစ်ရံ မိဘတွေရဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ကလေးကို မကောင်းကြံစည်နိုင်ပါတယ်။ ဘယ်လိုလူနဲ့ပဲဖြစ်ဖြစ် ဖြစ်ခဲ့တာကို လျှို့ဝှက်မထားဘဲ ပြန်ပြောဖို့သင်ပေးပါ။
၇။ ဘာဖြစ်ခဲ့ရင်ဘာလုပ်မလဲဆိုတာကို ကစားနည်းဖြင့်သရုပ်ဖော်သင်ကြားပေးပါ။
ကလေးနဲ့ ဟန်ဆောင်ကစားတတ်သလိုကစားပြီး အခြေအနေတွေ အမျိုးမျိုးဖန်တီးပါ။ ဥပမာ စူပါမတ်ကတ်မှာ အတူတူ ဈေးဝယ်ကြရင်း အမေနဲ့ကွဲသွားတယ်ဆိုပါစို့။ အဲဒါဆို သမီးဘာလုပ်မလဲ စတဲ့ကစားနည်းမျိုးပါ။ ဒီကစားနည်းသုံးပြီး ကလေးကို အခက်အခဲကြုံလာတဲ့အခါမှာ ရင်ဆိုင်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။ ဒီလိုအခြေအနေဖြစ်လာရင် ကလေးက ဘယ်လိုလုပ်မလဲဆိုတဲ့ သူ့စိတ်ကူးကို ထုတ်ပြောလာအောင် အားပေးပါ။ ကစားနည်းမှာ ကလေးကိုလည်း အခြေအနေမှန်ဖန်တီးခွင့်ပေးပါ။ ဥပမာ သမီးကစားနေတုန်း သမီးနားကို သမီးမသိတဲ့ လူစိမ်းတစ်ယောက်ရောက်လာမယ်၊ အဲဒါဆို သမီးဘာလုပ်ရမလဲလို့ မေးခွန်းမေးလာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာ ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းနည်းတွေကို မိဘနဲ့ဆွေးနွေးကြည့်ပါ။ ဒီလိုဆွေးနွေးရင်း ကလေးကိုယ်တိုင်လည်း နည်းလမ်းတွေ စဉ်းစားလာပါလိမ့်မယ်။ ဒါဆို ကလေးဘာတွေ ဘာစဉ်းစားသလဲ၊ ဘာတွေသိထားသလဲ၊ ဘာတွေသိအောင် ထပ်သင်ပေးရမလဲ ဆိုတာ သိလာပါလိမ့်မယ်။ ကစားတဲ့အခါ ဇာတ်ရုပ်အမျိုးမျိုးပြောင်းပြီး သရုပ်ဆောင်တမ်းကစားပါ။ ဥပမာ စူပါမတ်ကတ်က မန်နေဂျာ၊ ဈေးဝယ်သူတစ်ယောက်၊ စာရေးတစ်ယောက်၊ လူစိမ်းတစ်ယောက်စသည်ဖြင့် ဟန်ဆောင်ပြီးကစားပါ။ ကစားပြီးစဉ်းစားလို့ရတဲ့ နည်းလမ်းတွေထဲက အကောင်းဆုံးနည်းလမ်းကိုယူပြီး အဲဒီလိုအခြေအနေဖြစ်လာရင် အဲဒီလိုလုပ်ရမယ်လို့ပြောပါ။
၈။ လျှို့ဝှက်ကုဒ်စကားထားပါ
မိဘတွေနဲ့ ကလေးသာသိတဲ့ လျှို့ဝှက်ကုဒ်စကားတစ်ခု သတ်မှတ်ထားပါ။ မိဘမပါဘဲ တစ်ယောက်ယောက်က ကလေးကို ကျောင်းလာကြိုတာပါလို့ ပြောလာရင် အဲဒီလျှို့ဝှက်ကုဒ်စကားမပြောနိုင်ရင် လုံးဝလိုက်မသွားဖို့မှာထားပါ။ အကယ်၍ လာခေါ်သူက မိဘတွေနဲ့သိတဲ့သူဖြစ်နေရင်တောင်မှ ကုဒ်စကားကို မပြောနိုင်ရင် လုံးဝမလိုက်သွားဖို့ မှာထားပါ။ ကုဒ်စကားက ဝါကျတိုတစ်ကြောင်း၊ စကားပိုဒ်တစ်ခု၊ စကားလုံးတစ်လုံး စသည်ဖြင့် ကြိုက်ရာဖြစ်နိုင်ပါတယ်။
၉။ ကလေးကိုပြေးတတ်အောင်သင်ပေးပါ
လူစိမ်းတွေအနားသိပ်မကပ်ဘဲ ခပ်ဝေးဝေးနေဖို့ သင်ထားပြီး အကယ်၍ အနားကပ်လာခဲ့မယ်၊ ဆွဲခေါ်ဖို့ကြိုးစားတော့မယ်လို့ ထင်ရင် ‘ထွက်ပြေးပါ’လို့ သင်ပေးပါ။ မြန်မြန်ထွက်ပြေးပါ၊ မတွေဝေပါနဲ့လို့ သင်ပေးပါ။ ပြေးရင်းကလည်း တခြားလူတွေကြားအောင်အော်ပြီး အကူအညီတောင်းခိုင်းပါ။ လူတွေရဲ့ အာရုံစိုက်မှုရအောင်လုပ်ပါ။ လူအုပ်ကြားထဲကို ဝင်ပြေးဖို့၊ ဒါမှမဟုတ် လူအများမြင်သာတဲ့ နေရာတွေဆီ ထွက်ပြေးဖို့ မှာထားပါ။ လူအများထဲရောက်သွားရင် ကူညီနိုင်မယ့်လူ ရှိလာနိုင်ပါတယ်။ သေချာတာကတော့ ကလေးကို ဖမ်းဖို့ကြိုးစားသူတွေက ထွက်ပြေးရင် နောက်ကလိုက်လာမှာ မဟုတ်ပါဘူး။ လူတွေသိသွားနိုင်တဲ့ ကိစ္စမျိုးကို ရှောင်သွားမှာပါပဲ။ သူတို့ထင်သလို လုပ်လို့ရမယ့် နောက်ထပ်တစ်ယောက်ကို ထပ်ရှာပါလိမ့်မယ်။
၁၀။ ပြန်ခုခံပါ၊ လူတွေအာရုံစူးစိုက်လာအောင်လုပ်ပါ
ပြေးလို့မရနိုင်တော့မယ့် အခြေအနေ ဖြစ်သွားပြီဆိုရင် ပြန်ခုခံဖို့နည်းလမ်းရှိပါတယ်။ ရှိသမျှအားသုံးပြီး ခြေနဲ့ကန်တာ၊ အသံကုန်အော်တာတွေလုပ်ပြီး လူတွေသတိပြုမိလာအောင် ကြိုးစားခိုင်းပါ။ တစ်ယောက်ယောက်က ဖမ်းချုပ်ပြီး ဆွဲခေါ်ထားရင် ‘ဒါကျွန်တော့အဖေ မဟုတ်ပါဘူး။ ဒီလူကို ကျွန်တော်မသိပါဘူး။ ကျွန်တော့ကို ဖမ်းမလို့လုပ်နေပါတယ်’လို့ အော်ခိုင်းပါ။ ကန်တာအပြင် ကုန်းကိုက်တာ၊ ဆိတ်တာ ရသမျှနည်းလမ်းစုံနဲ့ ခုခံဖို့သင်ထားပါ။ ဘယ်လိုခုခံနည်းကို သုံးရ၊ သုံးရ ဖမ်းချုပ်ထားတာကနေ လွတ်အောင်ရုန်းဖို့ ပြောပါ။ ဖမ်းချုပ်ခံထားရပြီဆိုရင် အဲဒီနေရာကနေ ခေါ်သွားလို့မရအောင် လှဲပြီးအိပ်ချလိုက်ပါ။ အိပ်ချပြီး ကြီးမားလေးလံတဲ့ အရာတစ်ခုခုကို ဆုပ်ကိုင်ထားပါ။ ကိုင်ထားတဲ့လက်တွေကို ဖြည်လို့မရအောင် ဖမ်းချုပ်ထားတဲ့ လူရဲ့လက်ကိုလည်း ကိုင်ထားပါ။ ကျန်တဲ့လက်တစ်ဖက်နဲ့ တိုင်လို၊ ခုံတန်းလိုအရာကို ကိုင်ထားပါ။ အော်ပြီး အကူအညီတောင်းပါ။
၁၁။ အားမလျော့တတ်အောင်သင်ကြားပေးပါ
ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်စွမ်းမဲ့ပြီး ခေါ်သွားတာခံရပြီဆိုတာတောင်မှပဲ လုံးဝလက်မလျှော့ဘဲ လွတ်မြောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းကို ရှာဖို့ပြောပါ။ ဥပမာ ခေါ်သွားခံရပြီး အိမ်တစ်လုံးထဲရောက်နေတယ်ဆိုရင် အော်လို့ရရင်အော်၊အောလို့မရရင် ကရိယာတစ်ခုခုရှာပြီး အသံမြည်အောင်လုပ် တံခါးကို ခြေနဲ့ကန်ပြီး အသံမြည်အောင်လုပ် စသည်ဖြင့် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖို့ သင်ထားပါ။ ဒီအတိုင်း လက်လျှော့နေတာထက် တစ်ခုခုလုပ်ပြီး လွတ်အောင်ကြိုးစားတာက ပိုကောင်းတယ်ဆိုတာ ပြောပြပါ။ အရေးကြီးဆုံးက လူတွေသိအောင်လုပ်ပြီး အကူအညီတောင်းဖို့ ဖြစ်တယ်ဆိုတာ နားလည်အောင်သင်ထားပါ။ ၉၁၁ကို ဖုန်းဆက်နိုင်တဲ့အပြင် ဖုန်းနံပတ်ကို သင်ထားဖို့လည်း မမေ့ပါနဲ့။ ကလေးတွေကို ဒီလောက်အထိ သင်ထားစရာမလိုတဲ့ အခြေအနေတွေရှိနေတာက အကောင်းဆုံးဖြစ်တယ်ဆိုပေမဲ့ ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် လူတွေဟာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီးနေကြရတာမို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ စောစောသိထားလေ စိတ်ချရလေပဲ ဖြစ်မှာပါ။