Development

 

Speech, Language and Communication Development

(ဘာသာစကားနှင့် ဘာသာစကားကို အခြေခံသောပြောဆိုဆက်သွယ်ရေး ဖွံ့ဖြိုးမှု)

ဘာသာစကားကျွမ်းကျင်မှုနှင့် ဘာသာစကားကို အခြေခံ၍ တစ်‌ဦးနှင့် တစ်‌ဦးကောင်းမွန်စွာ ဆက်သွယ်နိုင်ရေးသည် ကလေးများ၏ ပညာရေး (academic skill in school) ဆိုင်ရာတွင်သာမက ဘဝတစ်လျှောက် အောင်မြင်မှုများနှင့် ဆက်စပ်ပါသည်။ Language and Communication Skills တွင် (receptive language) တစ်ခြားသူများ၏ စကားလုံး အဓိပ္ပာယ်များနှင့် ကိုယ်အမူအရာများအား နားလည်နိုင်စွမ်း (expressive language) အခြားသူများနှင့် ဆက်သွယ်ရန် မိမိခံစားချက်အား ထုတ်ဖော်ပြရန် ထိရောက်သော စကားလုံးများ ရွေးချယ်အသုံးပြုနိုင်ခြင်း၊ ကိုယ်အမူအရာဖြင့် ပြသနိုင်ခြင်း တို့ပါဝင်ပါသည်။ ငယ်ရွယ်စဉ်မှစ၍ ကလေးငယ်များ၏ ကိုယ်ဟန် အမူအရာ၊ အကြည့်နှင့် အသံတို့အားကောင်းမွန်စွာ တုံ့ပြန်ပေးခြင်း၊ စကားပြောပေးခြင်း၊ နားထောင်ပေးခြင်း စကားလုံးများဖြင့် ဖော်ပြရန်မလိုအပ်သော အမူအရာများအား နားလည်ရန်သင်ကြားပေးခြင်း၊ လိုအပ်သော ထိတွေ့မှု (exposure to language such as reading, expressing feelings with words) များပေးခြင်းဖြင့် ကလေးများ၏ Language and communication skills အားတိုးတက် စေမည်ဖြစ်ပါသည်။

INTELLECTUAL DEVELOPMENT (IQ)

(ဉာဏ ဖွံ့ဖြိုးမှု)

မွေးစမှ အသက် ၅နှစ်အထိ ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် အသက် ၃ နှစ်သားတွင် ၈၀ ရာခိုင်နှုန်းထိ ကြီးထွားလာပြီး ၅ နှစ်သားတွင် ၉၀ ရာခိုင်နှုန်းထိ ဖွံ့ဖြိုးပါသည်။ ဉာဏဖွံ့ဖြိုးမှုတို့တွင် ဘာသာစကားဖွံ့ဖြိုးမှု၊ စိတ်ကူးပုံဖော်ဖန်တီးတီထွင်နိုင်မှု၊ စဉ်းစားတွေးခေါ်နိုင်မှု၊ ကြောင်းကျိုးပြ စဉ်းစား ဆင်ခြင်နိုင်မှုနှင့် အမှားအမှန်ကို ခွဲခြားနိုင်မှုတို့ ပါဝင်ပါသည်။ ဉာဏကောင်းစွာ ဖွံ့ဖြိုးနေတဲ့ ကလေးဟာ ဘာသာစကားဖွံ့ဖြိုးမှုနှင့်အတူ အကျိုးအကြောင်း ဆက်စပ်စဉ်းစားတွေးခေါ်နိုင်သည့်အပြင်၊ အသက် အရွယ်ဖြင့်မျှသော ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ သင်ယူရန်အခွင့်အလမ်းများနှင့် လှုံ့ဆော်မှုပေးနိုင်သော ပတ်ဝန်းကျင်ကို ဖန်တီးပေး ခြင်းဖြင့် ဉာဏဖွံ့ဖြိုးမှုတိုးတက်စေမှာဖြစ်ပါသည်။

 

EMOTIONAL DEVELOPMENT (EQ)

(စိတ်ခံစားမှု ဖွံ့ဖြိုးမှု)

မိမိ၏စိတ်ခံစားမှုများသာမက သူတစ်ပါး၏ စိတ်ခံစားမှုများကို နားလည်ခြင်း၊ ကိုယ်ထိလက်ရောက်ဖြင့် တုန့်ပြန်တတ်ခြင်းအစား စကားလုံးဖြင့်ရည်ညွှန်းဖော်ပြတတ်ခြင်း၊ မိမိကိုယ်ကိုအားကိုးလိုစိတ်ရှိလာခြင်း၊ မိမိလုပ်ဆောင်နိုင်မှုအပေါ်တွင် ဂုဏ်ယူတတ်လာခြင်း၊ မိမိကိုယ်ကိုတွေးဆထိန်းချုပ်တတ်လာခြင်း၊ စိတ်မှဖြစ်ပေါ်လာသည်ကို မှန်ကန်သောနည်းလမ်းများဖြင့် ဖော်ပြနိုင်၊ ချပြစေနိုင်ခြင်းတို့ ဖြစ်ပေါ်စေသည်။ စိတ်ခံစားဖွံ့ဖြိုးမှုသည် IQ နည်းတူပြုစုပျိုးထောင် သင်ကြားရန် အထူးအရေးကြီးပါသည်။ EQ စိတ်မကောင်းပါက IQ မည်မျှကောင်းစေကာမှု အောင်မြင်မှုမရရှိနိုင်သည့်အပြင် ဆိုးရွားသော စိတ်ခံစားချက်ဖြင့် ဆိုးရွားသည့် ဆုံးဖြတ်ချက်၊ ဆိုးရွားသည့် ပြဿနာများ ဖြစ်ပေါ်လာစေပါသည်။

Moral Development

(စာရိတ ဖွံ့ဖြိုးမှု)

အဂလိပ်စကားပုံတစ်ခုရှိပါသည်။ "It's guts that takes you to the top, but it's characters that keep you there" ဆိုသည့်အတိုင်း လူတစ်ဦး၏ အောင်မြင်မှုကို ထိန်းကျောင်းနိုင်သည့် အရာမှာ စာရိတကိုယ်ကျင့်တရားဖြစ်ပါသည်။ စာရိတကောင်းပြီး အကျင့်သီလကောင်းမှသာ ဘဝတွင် အောင်မြင်မှုရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကလေးငယ်တို့၏ စာရိတ ကောင်းမွန်အောင် လေ့ကျင့်မှုသည် အထူးအရေးကြီးပါသည်။ ရိုးသားဖြောင့်မတ်ခြင်း၊ စာနာတတ်လာခြင်း၊ ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်တတ်ခြင်းနှင့် နှစ်သိမ့်ပေးတတ်ခြင်း အစရှိသည်တို့ပါဝင်ပါသည်။ အကျင့်စာရိတသည် ငယ်စဉ်အခါတွင် သာပြုစုပျိုးထောင်နိုင်ပါသည်။ အသက်ကြီးမှ အကျင့်ပြုပြင်ရန်မဖြစ်နိုင်သည့်အတွက် မိဘဆရာ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည့်အရာဖြစ်ပါသည်။

Social Development

(ပေါင်းသင်းဆက်ဆံရေး ဖွံ့ဖြိုးမှု)

မိတ်ကောင်းဆွေကောင်းပေါများခြင်းသည် လာဘ်တစ်ပါးဖြစ်သည့်အလျောက် မိတ်ကောင်းဆွေကောင်း ပေါများစေသည့် လူမှုဆက်ဆံရေးပညာ ကျွမ်းကျင်မှု ရှိမှသာ ယခုခေတ်တွင် အောင်မြင်မှု ရရှိမည်။ ထိုပညာရပ်ကို ငယ်စဉ်အခါမှစတင်ပြုစုပျိုးထောင်ပေးဖို့ အင်မတန်မှ အရေးကြီးပါသည်။ သို့မှသာ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံသောအခါတွင် အပြုသဘောဆောင်သည့် လက်ခံနိုင်သော အပြောအဆို၊ အပြုအမူများနှင့် ၎င်းတို့ကို ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။ ကလေးများအား ချီးမွမ်းဂရုစိုက်ပေးခြင်း၊ အပြုသဘောဆောင်သော လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးလာပြီး တစ်ဖက်သားအပေါ် စာနာနားလည်တတ်သော ကိုယ်ချင်းစာစွာလုပ်ဆောင် ပြောဆိုနိုင်သော ကလေးများဖြစ်လာပါမည်။

Physical Development

(ကာယ ဖွံ့ဖြိုးမှု)

ကာယဖွံ့ဖြိုးမှုတွင် ကလေးများ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြီးထွားမှုနှင့်အတူ ခန္ဓာကိုယ်အစိတ်အပိုင်းများ ကောင်းစွာအသုံးပြုနိုင်သော စွမ်းရည်များပါဝင်ပါသည်။ ကလေးငယ်များ ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဟန်ချက်ညီစွာ အသုံးပြုနိုင်ခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး အရာရာ ကိုယ်တိုင် ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်လာမှာဖြစ်ပါသည်။ သင့်လျော်သော ကစားစရာ ပစ္စည်းများနှင့်ဖြစ်စေ၊ သင့်လျော်သောကစားနည်းများဖြင့် လေ့ကျင့်ပြုစုမှသာ ကာယဖွံ့ဖြိုးမှု ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်။