School Information
- Location :Centre- 7, Centre- 11
- Duration :9 Months
- School Fee :MMK 250,000
- Materials fees :MMK 400,000(For 9 Months)
- Registration fees :MMK 100,000(For New Student)
[caldera_form_modal id="CF5e22845bd4950" type="button"]Book Now [/caldera_form_modal]
School Teachers
Tr Name
Branch
KG သင်ရိုး၏ ရည်ရွယ်ချက်
KG ပညာရေး ဟူသည်မှာ သူငယ်တန်းမှ ပထမတန်းသို့ ကူးပြောင်းမှု အခြေခံကောင်းများ ရရှိလာစေရန် အသက် (၅) နှစ်ပြည့်ပြီးသော ကလေးများ အားလုံး ရှိသင့် ရှိထိုက်သော ဘက်စုံ ဖွံ့ဖြိုးမှု များ ကို သင့်လျော်သော နည်းလမ်းများဖြင့် ပြုစုပျိုးထောင်ပေးသော ပညာရေး ဖြစ်ပါသည် ။ KG သင်ရိုးကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပါသည် ။
(က)ကလေးများသည် ဘက်စုံဖွံ့ဖြိုးမှု ရရှိစေသော နည်းလမ်းများဖြင့် သင်ကြားနိုင်ရန် ။
(ခ)သင်ယူမှု နယ်ပယ်တစ်ခုချင်းစီ အလိုက် သင်ယူမှု ရလာဒ် ဖြစ်ထွန်းစေရန် ။
(ဂ)ကလေးများ အနေဖြင့် မိမိတို့သင်ယူရသော အကြောင်းအရာများကို ပိုမိုနားလည်သဘောပေါက်စေရန် ။
(ဃ)ကလေးများသည် နေ့စဉ်ဆောင်ရွက်ရသော လုပ်ငန်းများကို ပျော်ရွှင်စွာ သင်ယူနိုင်ရန် ။
(င)ကလေးများသည် ပထမတန်းသို့ ချောမွေ့စွာ ကူးပြောင်းသင်ယူနိုင်ရန် ။
ပါဝင်ဖွဲ့စည်းထားသော နယ်ပယ် (၆) ရပ်
KG သင်ရိုးသည် ဘာသာရပ်ဟူ ၍ သီးသန့် ခွဲခြားထားခြင်း မရှိဘဲ အောက်ဖော်ပြပါ နယ်ပယ် (၆) ရပ်၌ ဖွံ့ဖြိုးစေရန် ဖွဲ့စည်းထားပါသည် ။
1. ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်း နယ်ပယ်။
2. စာရိတ္တ ၊ မိတ္တ နှင့် စိတ်လှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ခြင်း နယ်ပယ်။
3. အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း နယ်ပယ်။
4. သင်္ချာ အခြေခံများကို စူးစမ်းလေ့လာခြင်း နယ်ပယ်။
5. အနုပညာ ရသခံစားခြင်း နှင့် ဖန်တီးခြင်း နယ်ပယ်။
6. ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း နယ်ပယ် စသည်ဖြင့် သင်ယူမှု ဖွံ့ဖြိုးမှု နယ်ပယ် (၆) ရပ်ဖြင့် ဖွဲ့စည်းထားသည် ။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း နယ်ပယ်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာမှု တွင် ကလေးများ၏ စိတ်လှုပ်ရှားခံစားမှု ၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကိုယ်ကာယပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ ပါဝင်ပါသည် ။ ကိုယ်ရောစိတ်ပါ ကျန်းမာ ကြံ့ခိုင်မှု ရှိစေခြင်း သည် ကလေးများ၏ သင်ယူမှု တွင်ကောင်းစွာ စူးစမ်းလေ့လာ သင်ယူနိုင်စွမ်း ကို အထောက်အကူ ပြုစေပါသည် ။ ကလေးများသည် သင်ယူမှု လုပ်ငန်းများ လုပ်ဆောင်ခြင်း ဖြင့် ၎င်းတို့၏ အခွင့် အရေး နှင့် တာဝန်များ ၊ ကျန်းမာရေး နှင့် အန္တရာယ်ကင်းမှု ၊ကိုယ်လက်လှုပ်ရှားမှု လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင်မှု နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်မှုတို့ကို သင်ယူကြပြီး စိတ်ဓာတ်ကြံ့ခိုင်သော ကလေးများ ဖြစ်လာကာ နေ့စဉ်ကြုံတွေ့ နေရသည့် ဖိစီးမှုများ နှင့် အခက်အခဲများကို ရင်ဆိုင်နိုင်သော ကလေးများ ဖြစ်လာမည် ။
စာရိတ္တ မိတ္တနှင့် စိတ်လှုပ်ရှားမှု ဆိုင်ရာ ဖွံ့ဖြိုးခြင်း
ကလေးတစ်ဦး၏ စာရိတ္တ ၊ မိတ္တ နှင့် စိတ်လှုပ်ရှားမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း အားကောင်းမှသာ ထိုကလေး၏ စိတ်ဓာတ်ကြံ့ခိုင်မှု အားကောင်းလာမည် ။ ပတ်ဝန်းကျင် ကမ္ဘာလောက အကြောင်းကို စူးစမ်းလေ့လာရန် ၊ သင်ယူရန် အခွင့်အလမ်းများကို ရယူတတ်လာမည် ။ ထို့ကြောင့် ဤနယ်ပယ်ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည် ။ ကလေးများသည် မိမိ ကိုယ်ကိုယ် သိရှိခြင်း ၊ မိမိနှင့် အခြားသူများ တူညီမှု မရှိသည် ကို သိရှိခြင်း နှင့် လက်ခံခြင်း ၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်ခြင်း ၊ လူမှုပတ်ဝန်းကျင်တွင် ကောင်းသော အမူအကျင့်များကို ဖော်ထုတ်ခြင်း ၊ အခြားလူများနှင့် အတူ အလုပ်လုပ်ခြင်း ၊ မျှဝေခြင်း ၊အလှည့်ကျလုပ်ဆောင်ခြင်း ၊ မိမိ ယဉ်ကျေးမှု ဓလေ့များနှင့် အခြားလူများ၏ ယဉ်ကျေးမှု ဓလေ့များ ကို လေးစားတန်ဖိုးထားခြင်း များကို သင်ယူကြရပါမည် ။
အပြန်အလှန်ပြောဆို ဆက်သွယ်ခြင်း
ကလေးများသည် ၎င်းတို့၏ စိတ်ကူး အတွေးများ ခံစားမှုနှင့် အတွေ့အကြုံများကို မျှဝေပြောတတ်ရန် အခြားလူများနှင့် ပေါင်းသင်းဆက်သွယ်မှုကို ပြုလုပ်ရန်အတွက် ပြောဆိုဆက်သွယ်မှုကို ပြုလုပ်ကြပါသည် ။ ကလေးများသည် ပတ်ဝန်းကျင်မှ အသံများနှင့် လူတို့၏ အသံများကို နားထောင်ပြီး ဆက်သွယ်ကြပါသည် ။ ရုပ်ပုံများ ရေးဆွဲခြင်းနှင့် ရုပ်ပုံများတွင် ပါသော အမှတ်အသားများ ထည့်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် လည်းဆက်သွယ်ကြပါသည် ။ အဓိပ္ပာယ်ရှိသော စကားများကို ပြောဆိုခြင်းဖြင့်လည်း ဆက်သွယ်ကြပါသည် ။ ရေးထားသောစာများမှ အဓိပ္ပာယ်ထုတ်ယူရန် စာဖတ်ခြင်းဖြင့်လည်း ဆက်သွယ်ကြပါသည် ။ ကိုယ်အမူအရာဖြင့်လည်း ဆက်သွယ်ကြသည်။ စကားလုံးများ ၊စကားစုများ ၊ ဝါကျများ ၊ စာပိုဒ်များ ၊ပုံပြင်များ နှင့် အပြန်အလှန်ပြောဆိုခြင်း စသည့် အကြောင်းအရာ များသည် စကားဖြင့် ပြောဆိုဆက်သွယ်မှု ပြုပြီး သီချင်းကဗျာများကို အမူအရာဖြင့် ရွတ်ဆိုခြင်း ၊ကခုန်ခြင်း ၊ ကစားခြင်းများသည် ကိုယ်အမူအရာဖြင့် ပြောဆိုဆက်သွယ်ခြင်းပင်ဖြစ်သည် ။ ပြောဆိုဆက်သွယ်ခြင်း သည် ကလေးများ၏ ဘဝတွင် အရေးပါသော အရာဖြစ်သည့် အတွက် နယ်ပယ် တစ်ခုအဖြစ်ထည့်သွင်းထားခြင်း ဖြစ်ပါသည် ။
သင်္ချာဆိုင်ရာ အခြေခံများကို စူးစမ်းလေ့လာခြင်း
ကလေးများ၏ လက်တွေ့ဘဝတွင် သင်္ချာဆိုင်ရာ အသိပညာများကို သိရှိရန်လည်း အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပါသည် ။ ဤနယ်ပယ်တွင် အရေအတွက်များ ၊ အဆင်များ (pattern) ၊ ပုံသဏ္ဌာန်များ နှင့် အရွယ်အစားများ ၊ တိုင်းတာခြင်းများ နှင့် ပြဿနာ ဖြေရှင်းမှုများကို ကျိုးကြောင်းဆက်စပ်မှုဖြင့် စဉ်းစားပြီး သင်္ချာ၏ အခြေခံ သဘောတရားများကို နားလည်စေခြင်း ဖြစ်ပါသည် ။ ကလေးများသည် ဤစာသင်နှစ်တွင် ကိန်းဂဏန်းများအချင်းချင်း ဆက်သွယ်မှုကို စူးစမ်းလေ့လာခြင်း ၊ အဆင်ပုံစံများကို ရှာဖွေပြီး ကိုယ်တိုင်ပြုလုပ်ခြင်း ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ ၏တည်နေရာများကို သတ်မှတ်ခြင်း၊ ပြင်ညီပုံများ ၊ ထုပုံများကို ရှာဖွေခြင်း ၊ တိုင်းတာခြင်း အမျိုးမျိုးကို တိုင်းတာတတ်လာမည် ။
အနုပညာရသ ခံစားခြင်းနှင့် ဖန်တီးခြင်း
ကလေးများသည် ၎င်းတို့၏ တီထွင်ဆန်းသစ်သော အနုပညာစိတ်ကူးများကို ဖန်တီးတတ်ပြီး တန်ဖိုးထားတတ်လာသည်နှင့် အမျှ ကစားရင်းဖြင့် စူးစမ်းလေ့လာတတ်သော မေးခွန်းများမေးတတ်ခြင်း ၊ ဝေဖန်ပိုင်းခြားတတ်ခြင်း အပြင် ပြဿနာများကို ဖြေရှင်းတတ်ခြင်း တို့ကို ရရှိစေရန် ဤနယ်ပယ်ကို ထည့်သွင်းထားခြင်း ဖြစ်သည် ။ ဤနယ်ပယ်တွင် ကလေးများသည် စိတ်ကူးယဉ်ကစားခြင်း ၊ ပုံဆွဲခြင်း ၊ ဆေးရောင်ခြယ်ခြင်း ၊ ရွှံ့ ဖယောင်းတို့ဖြင့် ပုံများဖန်တီးခြင်း ၊ ရုပ်ပုံများ ၊အမြင်အခြေခံ အနုလက်ရာများဖြင့် ကလေးများ၏ အာရုံများနှင့် ကြွက်သားများ ပေါင်းစပ်လှုပ်ရှား ကျွမ်းကျင်မှုများကို တိုးတက်စေခြင်း နှင့် တီထွင်ဖန်တီးနိုင်စွမ်းများ ရရှိလာမည် ဖြစ်ပါသည် ။
ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်း
ကလေးများသည် အရာရာကို စူးစမ်းလေ့လာ လုပ်ကိုင်လိုသော သဘာဝ ရှိကြသည် ။ ထိုသဘာဝ နှင့် လျော်ညီစွာ သိရန်လိုအပ်သော ပတ်ဝန်းကျင် ကမ္ဘာလောက အကြောင်းကို စူးစမ်းလေ့လာနိုင်ရန်အတွက် ဤ နယ်ပယ်ကို ထည့်သွင်းထားခြင်း ဖြစ်သည် ။ ကလေးများသည် ရှေ့ဆက်သင်ယူကြရမည့် ပထဝီဝင် ၊ သမိုင်း နှင့် သိပ္ပံ ဘာသာရပ် လေ့လာမှုဆိုင်ရာ အခြေခံသင်ယူမှု နည်းလမ်းများ ဖြစ်သည့် ကြည့်ရှုလေ့လာခြင်း ၊ ခန့်မှန်းယူဆခြင်း ၊ စူးစမ်းလေ့လာခြင်း ၊ စမ်းသပ်လုပ်ကိုင်ခြင်း များကို လက်တွေ့ လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပေးသော နယ်ပယ်လည်းဖြစ်သည် ။
သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်မှာ ကလေးများသည် -
- မိမိကိုယ်မိမိ ယုံကြည်အားကိုးသူများ ဖြစ်လာစေရန်
- အာဟာရ ပြည့်ဝ၍ ကျန်းမာပျော်ရွှင်သူများ ဖြစ်လာစေရန်
- စာရေး စာဖတ်ခြင်း အပါအဝင် သင်္ချာ အသိသညာများကို စိတ်အားထက်သန်စွာ လေ့လာသူများ ဖြစ်လာစေရန်
- မိမိ ပတ်ဝန်းကျင် အကျိုးကို ဆောင်ရွက်တတ်သူများ ဖြစ်လာစေရန် ဖြစ်ပါသည် ။
KG ၊ KG နှင့် မူလတန်း သင်ရိုး ၏ နယ်ပယ်ချိတ်ဆက်မှု ကို အောက်ပါဇယားများ တွင် ဖော်ပြထားသည်။
KG ကလေးများကို မည့်သို့သင်ကြားမည်နည်း ။
ကလေးများအား ၎င်းတို့ အသက်နှင့် ဖွံ့ဖြိုးမှု အဆင့် အလိုက် မွေးစအရွယ်မှ စ၍ ရှိရမည့် အသိနှင့် ကျွမ်းကျင်မှုများရှိသော စွမ်းရည်ရှိ လူသားများအဖြစ် လက်ခံထားပြီး လူကြီးများ အနေဖြင့် ၎င်းတို့၏ သင်ယူမှုဖွံ့ဖြိုးမှုများ အတွက် ကူညီပံ့ပိုးပေးရန်သာ လိုအပ်ပါသည် ။ ကူညီ ပံ့ပိုးပေးခြင်း ဟူသည်မှာ ကလေးများ သိနိုင်သော လုပ်နိုင်သော အချက်ပေါ် အလေးထားပြီး ထပ်မံဖွံ့ဖြိုး တိုးတက်ရန် အတွက် ကူညီ ပေးခြင်း ပံ့ပိုးပေးခြင်းဖြစ်ပါသည် ။ ကလေးများ ဆက်လက်သင်ယူနိုင်ရေး အတွက် လွယ်ကူအောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည် ။ KG ကလေးများကို ကလေးဗဟိုပြု ချဉ်းကပ်နည်း ၊ ကစားဖြင့် ချဉ်းကပ်နည်း စသော ချဉ်းကပ်နည်းများ ဖြင့် ပံ့ပိုး ကူညီပေးလျက်ရှိပါသည် ။
ကလေးဗဟိုပြု ချဉ်းကပ်နည်း
ကလေးဗဟိုပြု ချဉ်းကပ်နည်း ဟူသည် ကလေးတစ်ဦး ချင်းစီ၏ အသက်အရွယ် ၊ ရင့်ကျက်မှု အနေအထား ၊နောက်ခံ အခြေအနေ ၊ အတွေ့အကြုံ နှင့် စိတ်ဝင်စားမှုတို့ကို အလေးထားကာ ကလေးအတွက် အကောင်းဆုံး ဖြစ်စေမည့် အကြောင်းအရာများ ၊ သင်ယူမှုနည်းလမ်းများ ၊ သင်ယူရာတွင်အသုံးပြုသည့် ပစ္စည်းများ ၊ သင်ယူရမည့် ပတ်ဝန်းကျင်တို့ကို လိုက်လျောညီစွာ စီစဉ်ပြီး သင်ယူရသည့် နည်းလမ်းဖြစ်ပါသည် ။ သင်ယူမှုများ ဖြစ်ထွန်းစေရန် ဆရာများက ထိရောက်သော နည်းလမ်းများကို အသုံးပြု၍ အပြုသဘောဆောင်သော ဆရာကျောင်းသား ဆက်ဆံရေးဖြင့် ပံ့ပိုးဖော်ဆောင်သော သင်ကြားသင်ယူမှု ဖြစ်စဉ်ဖြစ်သည် ။ ကလေးများကို ပျော်ရွှင်ပြည့်ဝပြီး လူမှုပတ်ဝန်းကျင်တွင် အကျိုးပြုသူများ ဖြစ်လာစေရန် လိုအပ်သော ပညာရပ်ကျွမ်းကျင်မှု ၊ တန်ဖိုးထားမှု ၊ စိတ်နေသဘောထား ၊ အပြုအမူများ အပေါ် အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပင်ဖြစ်သည် ။ ကလေးဗဟိုပြု ချဉ်းကပ်နည်း များကို အသုံးပြုရာတွင် အောက်ဖော်ပြပါ သင်ယူမှုဆိုင်ရာ သဘောတရားများကို ထည့်သွင်းထားပါသည် ။
- တက်ကြွစွာ သင်ယူခြင်း
- ပူးပေါင်းညှိယူ သင်ယူခြင်း
ကစားခြင်းဖြင့် ချဉ်းကပ်နည်း
ကစားခြင်းဖြင့် သင်ယူခြင်းသည် ကာယပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းတစ်ခု ဖြစ်ပြီး သင်ယူမှု နှင့် ဖွံ့ဖြိုးမှု အတွက်ဖြစ်သည် ။ ကစားခြင်းဖြင့် ကလေးများ၏ ဦးနှောက် နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများကို ဖြစ်စေပါသည် ။
ကစားခြင်းဖြင့် သင်ယူခြင်းတွင်
- လွတ်လပ်စွာ ကစားခြင်း
- ရည်ရွယ်ချက်ဖြင့် ကစားခြင်း
- စနစ်တကျ စီစဉ် ကစားခြင်း ဟူ၍ ကစားခြင်း (၃) မျိုးရှိသည့် အနက် kindergarten တွင် ရည်ရွယ်ချက်ဖြင့် ကစားစေသည့် ကစားနည်းများကို ထည့်သွင်းထားပါသည် ။
ရည်ရွယ်ချက်ဖြင့် ကစားနည်းများတွင်
- စူးစမ်းရှာဖွေ လေ့လာကစားနည်းများ
- စိတ်ကူးယဉ်/ ဟန်ဆောင် စားနည်းများ
- တစ်ဦးတည်း ကစားခြင်း
- အပြိုင်ကစားခြင်း
- ပေါင်းသင်းဆက်ဆံ ဖွံ့ဖြိုးမှု ကို အားပေးသော ကစားနည်း
- ကိုယ်ခန္ဓာ တက်ကြွ လှုပ်ရှားမှု ပြုရသော ကစားနည်းများ
- ပူးပေါင်း ပါဝင်ကစားနည်း စသည်တို့ ပါဝင်ပါသည် ။
ကလေးများကို ကူညီပံ့ပိုးခြင်း
ကလေးများအား ကျွမ်းကျင်မှု အသစ်များ ၊အယူအဆ အသစ်များ ရရှိစေရန် သေချာစွာ လေ့လာကြည့်ရှုပြီး စွမ်းရည်များကို အားပေးသည့် လုပ်ငန်းများ ဖြစ်သည့် ကလေးများနှင့် အလုပ်လုပ်ခြင်း ၊ ဂရုတစိုက် ဆွေးနွေးခြင်း ၊ စဉ်းစားတွေးခေါ် မှုကို အားပေးသော မေးခွန်းများ မေးခြင်းဖြင့် သင်ယူမှုကို ပံ့ပိုးကူညီပေးရပါမည် ။
သင်ခန်းစာပါ အကြောင်းအရာများ
KG သင်ရိုးတွင် ကလေးများ ပတ်ဝန်းကျင် နှင့် ရင်းနှီး စေရန် သင်ခန်းစာပါ အကြောင်းအရာ (၁၅)ခု ပါဝင်သည် ။ ထိုအကြောင်းအရာ တွင် အကြောင်းပါ ခေါင်းစဉ်နှင့် ဆက်စပ်သော အကြောင်းအရာများ ၊ ပုံပြင် (၃၃) ပုဒ် ၊ မြန်မာ့ တေးကဗျာ (၆၃ )ပုဒ် ၊ ဗျည်းကဗျာ ( ၂၅ ) ပုဒ် နှင့် ကစားခြင်းဖြင့် သင်ယူခြင်း အတွက် သင်ခန်းစာများ စသည်ဖြင့် ပါဝင်ဖွဲ့စည်းထားသည် ။ သင်ခန်းစာများသည် နယ်ပယ် (၆) ရပ်စလုံး ပါဝင်အောင်ဖွဲ့စည်းထားသည် ။ လစဉ် မာတိကာ အလိုက် သင်ကြားသင်ယူတတ်မြောက်ရမည့် ဇယားများကို အောက်တွင် ဖော်ပြထားပါသည် ။
စဉ် | လအမည် | အကြောင်းအရာ |
၁ | ဇွန်လ | (၁) မိမိအကြောင်း
(၂) တို့မိသားစု |
၂ | ဇူလိုင်လ | (၃) တို့ကျောင်း
(၄) တို့ရပ်ရွာ |
၃ | သြဂုတ်လ | (၅) အပင်များ
(၆) ရာသီဥတု |
၄ | စက်တင်ဘာလ | (၇) သယ်ယူပို့ဆောင်ရေး
(၈) ဈေးများ |
၅ | အောက်တိုဘာလ | (၉) ပွဲတော်များ
(၁၀) ငါးများ |
၆ | နိုဝင်ဘာလ | (၁၁) ရေ
(၁၂) ပိုးကောင်လေးများ |
၇ | ဒီဇင်ဘာလ | (၁၃) အိမ်များ |
၈ | ဇန်နဝါရီလ | (၁၄) ငှက်များ
(၁၅) နို့တိုက်သတ္တဝါများ |